Monday, December 7, 2015

တရားမ၀င် ဆက်သွယ်ရေးစက်ပစ္စည်းများ အသုံးပြုသူ ရေလုပ်သား ၁၀ ဦးကို စစ်တွေမြို့ သဲချောင်းတွင် ဖမ်းဆီးရမိ

စစ်တွေ၊ ဒီဇင်ဘာ ၇ ရက်

တရားမ၀င် ဆက်သွယ်ရေး ပစ္စည်းတွေ အသုံးပြုမှုဖြင့် ရေလုပ်သား ၁၀ ဦးကို စစ်တွေမြို့နယ်၊ သဲချောင်း ချောင်းအ၀င်ဝတွင် ဖမ်းဆီးရမိခဲ့ကြောင်း စစ်တွေမြို့နယ် အမှတ် (၁) ရဲစခန်းက RiA ကို အတည်ပြု ပြောကြားပါတယ်။


“ စကားပြောစက်တွေပါတယ်။ ဧရိယာတိုင်တွေလည်း ထောင်ထားတယ်။ သူတို့ အသုံးပြုတဲ့ စက်တွေက ဘာတွေနဲ့ ချိတ်ဆက်ထားမှန်းကို မသိဘူး။ ဗမာစကား၊ ဘင်္ဂလီစကားနဲ့ အခြား ဘာသာစကားတွေလည်း ရောပြီး လိုင်းမှာ မိနေတယ်ပေါ့။ ဒီက အဆက်အသွယ်လုပ်လည်း ပြန်မပြောဘူး။ ကြားဖြတ်စက်တွေလည်းပါတယ်။ ဒီတော့ အဲဒီစက်တွေနဲ့ အသုံးပြုသူ ဘင်္ဂလီ ၁၀ ဦးကို ကျနော်တို့ ဖမ်းဆီးထားပါတယ်။ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။” လို့ စစ်တွေ အမှတ် (၁) ရဲစခန်း စခန်းမှူး ဦးရန်နိုင်လတ်က ပြောပါတယ်။

အဆိုပါ ဆက်သွယ်ရေး စက်ပစ္စည်းတွေကို အသုံးပြုသူများကို ဒီဇင်ဘာ ၅ ရက်နေ့ ည (၇) နာရီ ၀န်းကျင်တွင်သဲချောင်း ချောင်းအ၀င်ဝတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး သူတို့ကို ဒုက္ခသည်ဟုတ်မဟုတ် စီစစ်နေပြီး ဖမ်းမိစဉ်က မေးမြန်းရာမှာ ငါးဖမ်းလုပ်ငန်းများတွင် အသုံးပြုတဲ့ စက်ပစ္စည်းများ ဖြစ်ကြောင်း ထွက်ဆိုခဲ့ပေမယ့် လုံခြုံရေး ရဲတပ်ရင်း အမှတ် (၃၆) မှ ဒုရဲမှူး သိန်းနိုင် ဦးဆောင်တဲ့ အဖွဲ့က သတင်းအချက်အလက်နဲ့ နည်းပညာဝန်ဆောင်မှု ဌာနက ခွင့်ပြုချက်မဲ့ အသုံးပြုနေကြောင်း တွေ့ရှိတာကြောင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ်လို့ စစ်တွေရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

တရားမ၀င် ဆက်သွယ်ရေး စက်ပစ္စည်းတွေကို တပ်ဆင်ချိတ်ဆက် အသုံးပြုခဲ့တဲ့ ရေလုပ်သား ၁၀ ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅/၆၇ နှင့် ဒုရဲမှူး သိန်းနိုင်မှ တရားလို ပြုလုပ်ကာ စစ်တွေအမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ဆိုထားပြီး ရဲအုပ် အောင်မြင့်ဦးက အမှုကို ဦးဆောင် စစ်ဆေးနေကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း အခုလို ဆက်သွယ်ရေး စက်ပစ္စည်းတွေကို တရားမ၀င် အသုံးပြုနေခြင်းဟာ ပြည်သူလူထုနှင့် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများရဲ့ လျှို့ဝှက်ဆက်သွယ်ဆောင်ရွက်မှုတွေကို ထိခိုက်မှုရှိမရှိ သတင်းအချက်အလက်နှင့် နည်းပညာကျွမ်းကျင်သူများထံ အဆိုပါ စက်ပစ္စည်းများ၏ ဆောင်ရွက်နိုင်စွမ်းများကို မေးမြန်းတင်ပြနိုင်ရန် စီစဉ်နေကြောင်း စစ်တွေ အမှတ် (၁) ရဲစခန်းမှူး ဦးရန်နိုင်လတ်က RiA ကို ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top