Monday, December 14, 2015

ရခိုင်ပြည်နယ်တွင် ပထမဆုံးအဖြစ် တရားဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲပြုလုပ်

စစ်တွေ၊ ဒီဇင်ဘာ ၁၄ ရက်

ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီအစိုးရသက်တမ်းသစ်ကာလ ၂၀၁၀ - ၂၀၁၅ ခုနှစ်အတွင်း ဥပဒေ အရာရှိများက တရားဥပဒေရေးရာ စာတမ်းများကို  ခရိုင်အလိုက် စာတမ်းဖတ်ပွဲတစ်ရပ် စစ်တွေမြို့နယ် ပြည်နယ် တရားဥပဒေချုပ်ရုံးမှာ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
စာတမ်းများမှာ ခရိုင်အလိုက် စုစုပေါင်း စာတမ်းငါးခုဖြစ်ပြီး စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင် မောင်တောခရိုင်က ခရိုင် ဥပဒေအရာရှိများက ဖတ်ကြားခဲ့ကြတာဖြစ်ပါတယ်။

အခမ်းနားကို တက်ရောက်လာတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမြအောင်ကတော့ စာတမ်းဖတ်ပွဲပြုလုပ်ရခြင်းဟာ တရားဥပဒေကို ပိုပြီးနားလည် ကျွမ်းကျင်လာကြမယ်လို့ သူရဲ့မိန့်ခွန်းထဲမှာ ခုလိုပြောဆိုခဲ့ပါတယ်။

“အခုလို ဥပဒေအရာရှိများက စုစည်းပြီး ဥပဒေရေးရာ စာတမ်းဖတ်ပွဲများ ပြုလုပ်ခြင်းဟာ အတွေ့အကြုံ ရရှိစေပြီး၊ စာတမ်းဖတ်ပွဲက ရရှိလာတဲ့ အရာများဟာ အပြင်မှာ လက်တွေ့ အသုံးပြုနိုင်ကြမှာပါ” လို့ ပြောပါတယ်။

စာတမ်းဖတ်ပွဲကို အစိုးရ ဥပဒေအရာရှိများသာ ပါရှိခဲ့ပြီး နောင်လာမယ့် စာတမ်းဖတ်ပွဲတွေမှာဆို ပြင်ပက ဥပဒေ ပညာရှင်တွေပါ ခေါ်ဆိုသွားမှာ ဖြစ်တယ်လို့   ရခိုင်ပြည်နယ် ဥပဒေ အရာရှိ ဦးစောမြက ဆိုပါတယ်။

“ရခိုင်ပြည်နယ်မှာ ရှိတဲ့ ခရိုင်ငါးခရိုင်ကို စာတမ်းခေါင်းစဉ်ပေးပြီး ပြုလုပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်၊ ခရိုင်ဥပဒေ အရာရှိတွေ အနေနဲ့ လိုအပ်တဲ့ စာအုပ်တွေကို ဖတ်ရှုခဲ့ရတယ်၊ နောက်ပြီး ဥပဒေအရာရှိတွေ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဆွေးနွေးနိုင်အောင်လို့ပါ ဒါဟာ ပထမဆုံး အကြိမ်ပါပဲ”

အဆိုပါပွဲတွင် ဖတ်ကြားခဲ့ကြတဲ့ စာတမ်းများမှာ  ကျောက်ဖြူခရိုင်မှ ဖော်ကောင်အကြောင်း သိကောင်းစရာ သင်တန်း၊ စစ်တွေ ခရိုင်က ပူးတွဲတရားခံနဲ့ ဖြောင့်ချက်အကြောင်း သိကောင်းစရာ သင်တန်း၊ လူသတ်မှုနဲ့ လူသေမှုအကြောင်း သိကောင်းစရာ သင်တန်း၊ မြောက်ဦးခရိုင်က အာမာခံအကြောင်း သိကောင်းစရာ သင်တန်း၊ သံတွဲခရိုင်က ရဲစက္ကူ အကြောင်း သိကောင်းစရာ  စာတမ်းတွေကို ဖတ်ကြားရန် လက်ခံရရှိခဲ့ကြောင်း ဦးစောမြက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဥပဒေရေးများကို  ပြည်သူများသိရှိစေရန်နဲ့ ကျေးရွာအလိုက် သင်တန်းပြုလုပ်မှုများ ရှိပြီး၊ လူငယ်များအနေနဲ့ ဥပဒေကို လိုက်နာစေရန်အတွက်လည်း စာသင်ကျောင်းတွေမှာပါ သက်ဆိုင်ရာ ဥပဒေဝန်ထမ်းတွေက လိုက်ပြီး ပညာပေးမှုတွေလည်း ရှိတယ်လို့သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top