Wednesday, December 9, 2015

ပြည်နယ်ဘဏ္ဍာငွေများ ဖြုန်းတီးခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် ပြောင်းလဲနိုင်ပါ့မလား

စာရေးသူ - ဝေမိုး/ Root Investigative Agency

“ ရခိုင်ပြည်နယ်အနေနဲ့ အစိုးရသစ်တက်လက်စ ကာလတုန်းက လုပ်ငန်းမကျွမ်းကျင်မှုရှိတာကြောင့် ဆောက်လုပ်ရေး ကုမ္ပဏီ သုံးလေးခုကို အားကိုးခဲ့ရပါတယ်။ ဒါကြောင့်လည်း စစ်တွေမြို့ပါတ်လမ်းဖြစ်တဲ့ ရှုခင်းသာလမ်းဟာ ပျက်စီးခဲ့ရပါတယ်”လို့ ပြောဆို လိုက်သူမှာ ဝန်ကြီးချုပ်နေရာ သုံးနေရာတောင် ပြောင်းလဲခဲ့ရတဲ့ ရခိုင်ပြည်နယ်၂၀၁၀ - ၂၀၁၅ အစိုးရဲ့ နောက်ဆုံး ဝန်ကြီးချူပ် ဦးမြအောင်ပဲ ဖြစ်ပါတယ်။


၁၃ ကြိမ်မြောက် ပြည်နယ်လွှတ်တော်မှာ  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးဌာနကို နုတ်ဆက် အဖွင့် အမှာစကား ပြောကြားခဲ့တာဖြစ်ပါတယ်။
 
ဝန်ကြီးချုပ်ပြောဆိုသွားခဲ့တဲ့ စကားတွေအရ ရခိုင်ပြည်နယ်မှာ ဘဏ္ဍာငွေတွေ မလိုအပ်ဘဲ ဆုံးရှုံးပျက်စီးခဲ့ရတယ် ဆိုတာကို သိရှိ ရပါတယ်။
 
ဝန်ကြီးချုပ်က ဆောက်လုပ်ရေးကုမ္ပဏီ သုံးလေးခုကိုအားကိုခဲ့ရတယ် လို့ဆိုပါတယ်။ ဝန်ကြီးချုပ် ရည်ညွန်းခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီ သုံးလေးခုဟာ ပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့သူတွေပဲ ဖြစ်နေကြပါတယ်။
 
အခြားတစ်ဘက်မှာ ပြည်နယ်အစိုးရရဲ့ ငွေကြေးဘဏ္ဍာသုံးစွဲမှုဟာ လွှတ်တော်ကိုယ်စားလှယ် သိခွင့်မရှိခဲ့ကြောင်း နောက်ဆုံး လွှတ်တော် ဆွေးနွေးမှုများအရ သိရပါတယ်။
 
ငွေကြေးကုန်ကျများမယ့် လုပ်ငန်းခွင် သို့မဟုတ် စီမံကိန်း တစ်ခုခုဆို ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေကို အသိပေးသင့်တယ်လို့ စစ်တွေမဲဆန္ဒနယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) မှ ဦးအောင်မြကျော်က ဆိုပါတယ်။
 
“ ဥပမာ လက်ရှိပွိုင့်ကို လုပ်နေကြတယ်ဗျာ ဒေသခံ လွှတ်တော်အမတ်ဖြစ်တဲ့ ကျနော်တို့ကို ဆွေးနွေးသင့်တယ် တကယ် လိုအပ်တယ် မလိုအပ်ဘူး ဆိုတာကို ဝါဘိုဘက်မှာ တံတားလိုနေတယ်။ သူတို့မဆောက်ပေးသေးဘူး၊ တကယ်လိုအပ်တာ တွေကျတော့ မလုပ်ပေးသေးခဲ့ဘူး”
 
ဒီလိုပြောကြားဆွေးနွေးမှုတွေဟာ ၀န်ကြီးချူပ် ဦးမြအောင် ပြောကြားခဲ့သလိုပဲ ကုမ္မဏီတချို့ကို အားကိုးမှားခဲ့တာကြောင့် ပြည်နယ်ဘဏ္ဍာငွေနစ်နာခဲ့ရခြင်းရဲ့ အခြားတဘက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ မသိရှိဘဲ စီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ခြင်းရဲ့ လက်သည်တရားခံဟာ ဘယ်သူလဲလို့ လွှတ်တော်ကို မေးခွန်းထုတ်စရာ ရှိလာပါတယ်။
 
ဝန်ကြီးချူပ်ဟောင်း ဦးလှမောင်တင်၊ ဦးမောင်မောင်အုန်းတို့ရဲ့ ဗီတိုအာဏာနဲ့ ဖော်ဆောင်ခဲ့တဲ့ စီမံကိန်းများ ဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ရဲ့ ပြောကြားချက်တွေကို RiA အနေနဲ့ ရရှိထားပါတယ်။
 
ဒါတင်မကသေးပါဘူး စစ်တွေမြို့မှာ ရှိနေတဲ့ တချို့ပြုပြင်မှုတွေ ဆိုရင်လည်း ဘဏ္ဍာရေးစည်းမျဉ်းတွေကို ဖောက်ပြား နေကြတယ်လို့ ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောခဲ့ပါသေးတယ်။
 
“ တချို့ဟာတွေဆိုရင် လုပ်လုပ်လို့ကပြီးသွားပြီ။ ခုမှ တောင်းတယ် အဲဒီလိုဟာမျိုးတွေရှိတယ်။ ဒါတွေကို ဘယ်သူစောင့်ကြည် မလဲ၊ ဒါဟာ ဥပဒေကို ချိုးဖောက်တာပဲ။ လိုလိုလားလားခွင့်ပြုတဲ့သူကြလည်း ဥပဒေကို ချိုးဖောက်နေတာပဲ”
 
RiA ရဲ့ စုံစမ်းတွေ့ရှိချက်များအရ ရခိုင်ပြည်နယ်တွင်း ဖော်ဆောင်နေတဲ့ လမ်းတံတား၊ အဆောက်အဦး ဆောက်လုပ်ရေး လုပ်ငန်း အများစုဟာ ဆောက်လုပ်ရေးကုမ္ပဏီတွေက သူတို့ သဘောနဲ့ သူတို့ တည်ဆောက်နေခြင်းတွေ ဖြစ်ပြီး ပြည်နယ်အစိုးရထံမှ ရရှိရန် အကြွေးကျန်စာရင်းများ အဖြစ် ရှိနေသလို၊ အခြားတဘက်မှာ ကုမ္ပဏီများအနေနဲ့ ပြည်နယ်အစိုးရ ထိပ်သီး ဆုံးဖြတ်ချက် ချမှတ်နိုင်သူတချို့ကို လှူဒါန်းငွေများ ပေးအပ်ခြင်းဖြင့် တင်ဒါခေါ်ယူရန်မလိုဘဲ လုပ်ကိုင်ခွင့် ရရှိနေကြောင်း တွေ့ရှိရပါတယ်။
 
ယခုတော့ ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဦးမြအောင်ရဲ့ နုတ်က လွှတ်ခနဲ လွှတ်တော်မှာ ထွက်သွားတဲ့ လုပ်ငန်းမကျွမ်းကျင်တဲ့ ကုမ္ပဏီတချို့ကို အားကိုးမှားခဲ့မှုကြောင့် ပြည်နယ် ဘဏ္ဍာနစ်နာခဲ့ရပါတယ် ဆိုခြင်းဟာ ကုမ္ပဏီဘက်ကို ကာကွယ်ခြင်းလား၊ ယခင် တာဝန်ရှိခဲ့သူ ၀န်ကြီးချူပ်ဟောင်းများရဲ့ အားနည်းချက်လို့ သွယ်ဝိုက်ဝေဖန်ခြင်းလားဆိုတာ လွှတ်တော်ကိုယ်စားလှယ်များကြား စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ်။
 
ငွေအရင်းနှီး များများသုံးရတဲ့ စီမံကိန်းတွေကို အသိပေးခြင်းများ မရှိခဲ့သလို ပြည်ထောင်စုရန်ပုံငွေမှာ ဘဏ္ဍာငွေတောင်းခံဖို့ စာရင်းတွေကို ပြုလုပ်ရာမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေကို အသိမပေးဘူးလို့  ရခိုင်ပြည်နယ် ငါးနှစ်တာ လွှတ်တော်မှာ ခွင့်ရက် မပျက် တက်ရောက်နိုင်ခဲ့သူ ဦးသန်းနိုင်ကဆိုပါတယ်။
 
“ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒေအရ ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်တင်မြောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေဖြစ်တယ်။ အစိုးရအဖွဲ့ဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေက မွေးဖွားပေးလိုက်တာဖြစ်တယ်။ ဒါကြောင့်လည်း လွှတ်တော် ကိုယ်စားလှယ်တွေကလည်းပါမယ်ဆို ဒီနိုင်ငံရဲ့လုပ်ဆောင်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အဓိက သိရမယ့် အချက်ပဲ ဖြစ်ပါတယ်”
 
ကိုယ်စားလှယ် ဦးသန်းနိုင်ရဲ့ ပြောကြားချက်အရ ဆိုရင် ရခိုင်ပြည်နယ် ဒီမိုကရေစီ အစိုးရ ပထမသက်တမ်း ၅ နှစ်တာကာလအတွင်း သုံးစွဲခဲ့တဲ့ ကျပ်သန်းပေါင်းများစွာဟာ အမှန်တကယ် သုံးစွဲခဲ့ခြင်းရှိမရှိဆိုတာနဲ့ ကုမ္ပဏီတွေ တာဝန်ယူတည်ဆောက်ခဲ့တဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းတံတားကျောင်း အဆောက်အဦးတွေရဲ့ အမှန်တကယ် ကုန်ကျငွေတွေကို ရခိုင်ပြည်နယ် စာရင်းစစ်အဖွဲ့က ဘယ်လို စစ်ဆေးခဲ့သလဲဆိုတာ စုံစမ်းရမယ့် ကိစ္စတစ်ခုအဖြစ် ထင်ကျန်ရစ်ရမယ့် အရာ ဖြစ်ပါတယ်။
 
၂၀၁၅ ဒီဇင်ဘာ ပထမ သီတင်းပတ်မှာ ကျင်းပခဲ့တဲ့ ပြည်နယ် နောက်ဆုံး လွှတ်တော် ဆွေးနွေးပွဲမှတ်တမ်းများအရ ရသုံးမှန်းခြေ ငွေစာရင်းဌာန တာဝန်ရှိသူက ရခိုင်ပြည်နယ်မှာ ငွေများများသုံးချင်ရင် ဝန်ကြီးဌာနတွေအနေနဲ့ ငွေများများရှာရမယ် လို့ပြောဆိုခဲ့ပါတယ်။
 
ဝန်ကြီးဌာနများကို ငွေရှာခိုင်းလိုက်တာဟာ ပြည်သူတွေအပေါ် ပိုမို ဆင်းရဲကြပ်တည်းမှုနှင့် အခွန်ငွေကြီးထွားမှု ပြဿနာနှင့် ထိပ်တိုက်တိုးခိုင်းလိုက်တာပါ။
 
ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝတွင်းထွက်ပစ္စည်းတွေဆီကနေ အကျိုးအမြတ် ခွဲဝေယူရေး အဆိုများကို အောင်မြင်စွာ တင်သွင်းခြင်း၊ ဆုံးဖြတ်ချက်များ မပြုလုပ်နိုင်သေးချိန်မှာ ၀န်ကြီးဌာနတွေကို ငွေရှာခိုင်းတယ်ဆိုတာ အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု အားနည်းမှုကြောင့် ပြည်ဘဏ္ဍာငွေနစ်နာမှုကို ပြည်သူကို ထမ်းခိုင်းသလိုမျိုး အသွင်ဖြစ်နေပါတယ်။
 
ဒီလို အစိုးရရဲ့ အားနည်းချက်တရပ်ကို ရခိုင်ပြည်နယ်မှာ အခွန်ရရှိမှု ပမာငွေဟာ ဒီမိုကရေစီအစိုးရ ငါးနှစ်တာကာလအတွင်း တစ်နှစ်ကို ပျဉ်းမျှ ၆ သန်းခန့်သာ ရှိတယ် ဆိုတာဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းအားနည်းမှုကြောင့်ပဲ ဖြစ်တယ်လို့ မြေပုံမြို့နယ် မဲဆန္ဒနယ်က ဦးမောင်လုံးက ထောက်ပြခဲ့ပါတယ်။
 
“ အခွန်ငွေ ရရှိမှုရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းဟာ ကျေးလက်ကို အခြေခံနေတယ်။ မြို့ပေါ်က နှစ်ဆယ်ပဲ ရှိတာ ကျေးရွာတွေရဲ့စာရင်းက ရော အမှန်တကယ်ရှိရဲ့လား။ ရွာတွေမှာလည်း အခွန်ပေးနေရတာပဲ။ ဖြတ်ပိုင်းသာ မပေးကြတာ။ ဒါတွေဟာ အစိုးရဆီကို ရောက်ရှိရဲ့လား။ ဒါကြောင့် ရခိုင်ပြည်နယ်က ရရှိတဲ့ အခွန်ငွေမတိုးတာဟာ အစိုးရအဖွဲ့ရဲ့စာရင်း အားနည်းမှုကြောင့်ဆိုင်တယ်။”
 
ပြည်သူတွေဆီကနေ အခွန်ကောက်ခံမှုတွေ ပုံမှန်ပြုလုပ်နေပေမယ့် ထို အခွန်စည်းကြပ်ငွေတွေဟာ ပြည်နယ်အစိုးရ ရံပုံငွေထဲ တကယ်ရောက်မရောက် ရခိုင်ပြည်နယ် စာရင်းစစ်အဖွဲ့ပဲ သိနိုင်ပါလိမ့်မယ်။
 
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့လုပ်ပိုင်ခွင့် နည်းပါနေပြီး တစ်ခါတစ်ရံ ဖွဲ့စည်းပုံအခြေခံဥပေဒအရ ပြည်ထောင်စုတည်းဟူသော စကားရပ်ပါလာပြီဆိုရင် ဘာမှ လုပ်လို့ မရကြတော့ဘူးလို့ ရသေ့တောင်မြို့နယ်က လွှတ်တော်အမတ် ဦးဖိုမင်းက သုံးသပ်ပြပါတယ်။
 
“ လာမယ့် လွှတ်တော်မှာတော့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လုပ်ပိုင်ခွင့် အနည်းငယ် ရနိုင်မယ်လို့ထင်တယ်”
 
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကဆိုရင် ပြည်ထောင်စုက ချပေးတာတဲ့ ငွေတွေကို ပြန်ပြီးတော့ ပေးတဲ့ ဖြစ်စဉ်မျိုးတွ ရှိခဲ့တယ်လို့လည်း ဦးအောင်မြကျော်က သူရဲ့ လွှတ်တော် သက်တမ်းအတွေ့ကြုံကို ပြောပြပါတယ်။
 
ရခိုင်ပြည်နယ်အနေနဲ့ ငါးနှစ်တာကလ အတွင်းမှာ ပြည်နယ်က ပေးလိုက်ရတဲ့ သဘာဝဓါတ်ငွေ့ထက်စာရင် များစွာနည်းပါပြီး ဒီနှစ်မှာလည်း ၁၄၇ ဘီလျံသာ ရရှိခဲ့တဲ့အတွက် ပြည်နယ်ရဲ့ဆင်းရဲမှုကို မြင့်တင်နိုင်အုံးမယ် မဟုတ်သေးဘူးလို့ မြေပုံမြို့နယ် မဲဆန္ဒနယ်က ဦးအောင်ဝင်းက ဆိုပါတယ်။
 
“နောင်ဆယ်နှစ်ပေးအုံး။ ရရှိနိုင်မှမဟုတ်သေးဘူး ဒီငွေအတိုင်းတာနဲ့ ရခိုင်ပြည်မှာက ပြန်ပြီး ပြုလုပ်ရမယ့်ဟာတွေ အများကြီးရှိတယ်”
 
ရခိုင်ပြည်နယ်မှာ အခွန်ငွေ ရရှိမှု၊ အကျိုးအမြတ်တွေနဲ့ပါတ်သက်ပြီး ကမ္ဘာအဆင့် စီမံကိန်းတွေရှိပါတယ်။ ကျောက်ဖြူ စက်မှုဇုန်၊ ရေနက်ဆိပ်ကမ်း၊ ရွှေဂတ်စ်တို့ ဆိုရင်လည်း ရခိုင်ဒေသက အကျိုးအမြတ် တကယ်ပဲခံစားကြရသလားဆိုတာ သုံးသပ်စရာပါ။
 
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှအပ ကျန် လွှတ်တော်ကိုယ်စားလှယ်အများစုကတော့ လွှတ်တော်ဟာ ကိုယ်စားလှယ်တွေအတွက် ဘာမှ မလုပ်ပေးနိုင်သောနေရာတစ်ခုလို့ ပြောကြပါတယ်။
 
 “အဓိကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ပြည်နယ်၊ တိုင်း အစိုးရတွေက တိုက်ရိုက် လုပ်ပိုင်ခွင့် ရမယ်ဆိုရင် ကျနော်တို့ဒေသတွေ အတွက် အများကြီး အကျိုးရှိမှာပါ၊ တဆင့်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့တော့ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းနဲ့ ဧရာဝတီနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လုပ်ပိုင်ခွင့်များ ဆုံးရှုံးနေမှုကို ဖြေကြားခဲ့တာ တွေ့ရပါတယ်။
 
ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်တွေအရ သုံးသပ်ကြည့်ရရင် ကုန်ခဲ့တဲ့ ငါးနှစ်တာဟာ ရခိုင်ပြည်နယ် အတွက် ထူးခြားပြောင်းလဲမှုတွေ မရှိခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ လုပ်ပိုင်ခွင့်အာဏာတွေဟာ ဗဟို အစိုးရ ချုပ်ကိုင်ထားတဲ့ စနစ်ပဲ ဖြစ်နေခဲ့လို့ပါ။
 
လက်ရှိ အခြေနေမှာတော့ ပြည်နယ်တိုင်းဒေသတွေကို အကျိုးမြတ်၊ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အထောက်အကူ ဖြစ်စေမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်း တခုကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ပြည်သူလွှတ်တော်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံ ဒီမိုကရေစီ အစိုးရသက်တမ်း ပထမ ငါးနှစ်တာကာလအတွင်း ပြည်နယ်ဘဏ္ဍာငွေများ ဆုံးရှုံးခဲ့ရခြင်းအပေါ် နောင်လာမယ့် ငါးနှစ်တာကာလ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ အစိုးရသစ်လက်ထက်မှာတော့ အမှန်တကယ် ပြောင်းလဲနိုင်မလား ဆိုတာကို စောင့်ကြည့်ရအုံးမှာပါ။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top