Saturday, November 28, 2015

ကျောက်တော်မြို့နယ်အုပ်ချူပ်ရေးမှူးရုံး ၀န်ထမ်းအမျိုးသမီးတစ်ဦး အသတ်ခံရ

ကျောက်တော်၊ နိုဝင်ဘာ ၂၈ ရက်

 ကျောက်တော်မြို့နယ် အုပ်ချူပ်ရေးမှူးရုံး ၀န်ထမ်းအမျိုးသမီးတစ်ဦး နိုဝင်ဘာ ၂၆ ရက်နေ့ ည ၇ နာရီအချိန်တွင် အသတ်ခံခဲ့ရကြောင်း မြို့နယ်ရဲစခန်းက RiA ကို အတည်ပြု ပြောကြားခဲ့ပါတယ်။
သေဆုံးသူ ၀န်ထမ်းအမျိုးသမီးမှာ ကျောက်တော်မြို့နယ်၊ နာဂရာကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးရုံးတွင် စာရေးတာဝန် ထမ်းဆောင်နေသူဖြစ်ကာ အမည်မှာ ဒေါ်မသိန်းကျော့ အသက် (၅၅) နှစ်ဖြစ်ကြောင်း သိရပါတယ်။


“ အသတ်ခံရတယ်ဆိုတာ ဟုတ်ပါတယ်။ တခြား ပယောဂတော့ မရှိပါဘူး။ သူ့ ကိုယ်ရေးကိုယ်တာ ပြဿနာအချို့ကြောင့် အသတ်ခံရတာပါ။ တရားခံလို့ ယူဆရသူကို ဖမ်းမိထားပါပြီ” လို့ ကျောက်တော် ရဲစခန်း တာဝန်ကျ ရဲကင်းမှူးက ပြောပါတယ်။

တရားခံဖြစ်သူဟု သံသယ၀င် ဖမ်းဆီးခြင်းခံထားရသူမှာ ဦးအုန်းမောင် အသက် (၄၀) နှစ်ဖြစ်ကာ ကျောက်တော်မြို့နယ် နဂရာကျေးရွာသား ဖြစ်ကြောင်း သိရပါတယ်။

အမှုဖြစ်စဉ်မှာ သေဆုံးသူ အမျိုးသမီးဟာ နိုဝင်ဘာ ၂၆ ရက်နေ့ ည ၇ နာရီအချိန် နေအိမ်ကနေ ဈေးဆိုင်ကို ကွမ်းဝယ်ရန် သွားစဉ် လမ်းတစ်ဝက်အရောက်တွင် သစ်စိတ်ဖြင့် ရိုက်နှက် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံ လမ်းမတော်ရပ်ကွက်နေ ဦးမောင်ကျော်သာ က ပြောပါတယ်။

“ညနေပိုင်း ကွမ်းဝယ်ဖို့ ထွက်သွားတဲ့အချိန်မှာ အသတ်ခံရတာလို့ သိရပါတယ်။ ရွာနဲ့ ဘုန်းကြီးကျောင်းအကြား နေရာမှာဖြစ်တယ်လို့ ပြောပါတယ်။ သတ်တာကို ရွာကအမျိုးသမီးလေး တစ်ယောက်က မြင်လိုက်တယ်။ ဘယ်သူဆိုတာကိုတော့ အတိအကျမသိဘူး။ သူ့ ပုံသဏ္ဍန်ကို ပြောပြလို့ သံသယရှိတဲ့သူကိုတော့ ဖမ်းထားတယ်လို့ သိရတယ်။”

အဆိုပါ အမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ဦးအုန်းမောင်ကို ကျော်တော်မြို့မ ရဲစခန်းတွင် ဖမ်းဆီးချူပ်နှောင်ထားပြီး စစ်ဆေးလျှက်ရှိကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂၊ ပ - ၁၃၄/၂၀၁၅ နှင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top