Friday, November 27, 2015

ပေါက်တောမြို့နယ်၊ သားရွဲကျေးရွာပိုင် စားကျက်မြေအား စစ်မှုထမ်းဟောင်းပိုင်မြေအဖြစ် လာရောက်ကျူးကျော်နေကြောင်း ဒေသခံများ ဆို

ပေါက်တော၊ နိုဝင်ဘာ ၂၇ ရက်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က ပေါက်တောမြို့နယ်၊ သားရွဲကျေးရွာတွင် ကျွဲနွားများ စားကျက်ရာမြေ ရွာပိုင်စားကျက်ကွင်းကို စစ်မှုထမ်းဟောင်းပိုင်မြေ မကျူးကျော်ရ ဆိုင်းဘိုးများ လာရောက် စိုက်ထူခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မြေနေရာမှာ ကျေးရွာပိုင် စားကျက်မြေဖြစ်ပြီး ရပ်သူရွာသားများမှာ ကျွဲနွားအသုံးပြုမှု နည်းပါးလာတာကြောင့် မြေကွက်ကို ရောင်းချကာ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ညှိနှိုင်းနေကြစဉ်မှာ မြို့နယ်အုပ်ချူပ်ရေးမှူးက ခုလို သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။


“ပြဿနာက ကျွန်တော်တို့ ကျေးရွာပိုင်မြေကွက်မှာ စစ်မှုထမ်းဟောင်းပိုင်မြေ မကျူးကျော်ရဆိုပြီး ဆိုင်းဘိုးလာစိုက်တယ်။ ရွာသားတွေလည်း မသိလိုက်ရဘူး။ ရွာမှာက လမ်းလည်းကောင်းကောင်းမရှိ၊ သောက်သုံးရေ ကန်လည်း ကောင်းကောင်း မရှိတာကြောင့် ဒီမြေကွက်ကို ရောက်ပြီး ရွာရဲ့ လိုအပ်ချက်တွေကို ပြုပြင်တိုးချဲ့ဖို့ ပြင်ဆင်နေကြတာပါ။ အယင်တုန်းက ကျွဲနွားကို ခိုင်းစေတယ်။ ခု ထွန်စက်တွေ ပြောင်းလဲ သုံးစွဲလာတာကြောင့် မြေကွက်ကို အကျိုးရှိရှိ အသုံးချဖို့ ကျေးရွာလယ်ယာမြေစီမံအဖွဲ့ကိုလည်း ပြောထားပြီး ဖြစ်ပါတယ်။” လို့ သားရွဲကျေးရွာ ဒေသခံ ဦးအောင်ကျော်စိုး က RiA ကို ပြောပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ပေါက်တောမြို့နယ် မြေစာရင်းဌာကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ - မြေတိုင်းစာရေး ဦးအောင်ဝင်းသိန်းက “ ကျနော်က တာဝန်ကျတာ ၂ လ လောက်ပဲ ရှိသေးတယ်။ ဒါကြောင့်မို့ ဒီမြေက ဘယ်သူဘယ်ဝါပိုင်တယ်ဆိုတာ တိတိကျကျပြောဖို့ ခက်ခဲပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။

သိမ်းဆည်းမြေကို ပေါက်တောမြို့နယ် စစ်မှုထမ်းဟောင်း ဦးမြကျော်အောင်ရဲ့ သားမက်ဖြစ်သူ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန စာရေးဖြစ်သူ ဦးလှစိန်ထွန်းက အိမ်ဆောက်ရန် လျာထားရှိကြောင်း သတင်းထွက်ပေါ်ပြီး မကြာခင် စာရွက်စာတမ်းများနှင့် လာရောက်သိမ်းဆည်းခဲ့ခြင်းဖြစ်သဖြင့် သံသယ၀င်မိကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ဦးခင်မောင်လှက RiA ကို ပြောပါတယ်။

သားရွဲကျေးရွာသူ၊ ကျေးရွာသားတွေက စားကျက်မြေသိမ်းဆည်းမှုနဲ့ ပတ်သက်ပြီး မြို့နယ်အုပ်ချူပ်ရေးမှူးကို သွားရောက် မေးမြန်းခဲ့ရာမှာ - မင်းပြားမြို့ အခြေစိုက် ၃၇၉ တပ်ရင်းမှ ဗိုလ်မှူးကြီးတစ်ဦးက အဆိုပါ မြေကွက်ကို စစ်မှုထမ်းဟောင်းအဖွဲ့အတွက် အသုံးပြုရန် ပေါက်တောမြို့နယ် အုပ်ချူပ်ရေးမှူးကို ညွှန်ကြားခဲ့တာကြောင့် ပြုလုပ်ခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ကြောင်း ဦးအောင်ကျော်စိုးက ပြောပါတယ်။

RiA အနေနှင့် ပေါက်တောမြို့နယ် အုပ်ချူပ်ရေးမှူးကို အဆိုပါ ကိစ္စကို အတည်ပြုဖြေကြားပေးနိုင်ဖို့ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် မေးမြန်းခွင့်မရရှိခဲ့ပါ။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top