Saturday, November 7, 2015

ပုဏ္ဏားကျွန်းမြို့နယ်တွင် စားကျက်မြေများအား ပုံစံ (၇) ချပေးမှု ဆန္ဒထုတ်ဖော်သွားမည်

ပုဏ္ဏားကျွန်း၊ စက်တင်ဘာ (၁၃)

ပုဏ္ဏားကျွန်းမြို့နယ်၊ ဝန်တီးကျေးရွာတွင် ရွာစားကျက်ပိုင်လယ်မြေအား တစ်ဦးတည်းပိုင်မြေအဖြစ် သတ်မှတ်ပေးမှုကြောင့် ရွာသူရွာသားများက ပုဏ္ဏားကျွန်းမြို့နယ်ပေါ်သို့ တက်ရောက်၍ ၁၄.၈.၂၀၁၅ နေ့တွင် ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။

ရွာစားကျက်မြေအား တစ်ဦးတည်းပိုင်အဖြစ် ပုံစံ (၇) ဖြင့် မြေစာရင်းဦးစီးဌာနမှ ထုတ်ပေးလိုက်မှုကြောင့် ရွာရှိ ကျွဲနွားများအား စားကျက် နေရာချထားရန် အခက်ခဲဖြစ်ပေါ်နေသည်ဟု စီတန်းလှည့်လည်း ဆန္ဒထုတ်ဖော်ရန် လျှောက်ထားသည့် ဦးမောင်ဖြူက ဆိုသည်။

“ ရွာက အများပိုင် စားကျက်မြေတွေကို၊ မြေစာရင်း ဦးစီးဌာနက ပုံစံ (၇) ထုတ်ပေးလိုက်တယ်လို့ သိရပါတယ်။ ကျနော်တို့က ခုပြန်ပြီး စားကျက်မြေအဖြစ် တောင်းခံနေတာ၊ ဒီနေ့ မြို့နယ်အုပ်ချုပ်ရေးရုံးမှာတော့ မြေစာရင်းဌာနတွေ အပါအဝင် သိမ်းထားတဲ့ သူတွေနဲ့လည်း ဆွေးနွေးကြမယ်။ အဆင်မပြေဘူးဆိုရင်တော့ ဆန္ဒထုတ်ဖော်သွားမယ်၊ ခွင့်ပြုချက်တော့ ရရှိထားပါပြီ ” ဟု RIA သို့ ဆက်သွယ် ပြောကြားသည်။

ရွာသူရွာသားများက ရွာသားပိုင်စားကျက်မြေများကို တစ်ဦးတည်း သိမ်းဆည်းထားသည်ဟု စွပ်စွဲခံထားရသည့် ဦးကျော်သိန်းလှက ” မြေတွေက အရင်ကတည်းကနေ ပြေစာရပြီးသားပါ။ ဒါကြောင့်လည်း အထောက်အထားခိုင်လုံလို့ မြေစာရင်းဌာနက ပုံစံ (၇) ထုတ်ပေးထားတာပါ။ ဒါပေမယ့် ကျွန်တော်တို့က ရွာသားတွေရဲ့သဘောကို လိုက်လျောပေးတဲ့ အနေနဲ့ ဒီတစ်နှစ်တော့ စိုက်ပျိုးအုံးမယ်။ ပြီးရင် လယ်ကို ရွာသားတွေကို ပြန်ပေးလိုက်မှာပါ။ ” ဟု ဖြစ်ပေါ်နေတဲ့ အခြေအနေကို ရှင်းပြသည်။

ပုဏ္ဏားကျွန်းမြို့နယ် ၀န်တီးကျေးရွာတွင် ပြီးခဲ့သည့်လက ရေဖုံးလွှမ်းခဲ့မှုကြောင့် စားကျက်မြေများမှာ နုံးဖုံးလွှမ်းခဲ့ပြီး ကျွဲနွားများအတွက် စားကျက်မြေများ အဆင်မပြေမှုကြောင့် သိမ်းဆည်းထားသည့် စားကျက်မြေများကို ပြန်လည် တောင်းခံရခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်မည့် ဦးမောင်သာထွန်းက ပြောသည်။

ဆန္ဒပြတောင်းဆိုရာတွင် ပုဏားကျွန်းမြို့တမြို့လုံးကို စီတန်းလှည့်လည်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရရုံးများရှေ့တွင် စားကျက်မြေ ပြန်လည်ရရှိရေး ဒို့အရေး၊ မြေစာရင်းမှ ပုံစံ (၇) ပြန်လည် ရုပ်သိမ်းရေး၊ ကျူးကျော် ထွန်ယက်သူများအား ထိရောက်စွာ အရေးယူပေးရေး စာသားများပါဝင်သည့် ဆောင်ပုဒ်များဖြင့် လူပေါင်းတစ်ရာကျော်နှင့် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သွားမည်ဟုသိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top