စစ်တွေ၊ အောက်တိုဘာလ ၁ ရက်
ပြည်နယ်အစိုးရ၏ ခွင့်ပြုငွေဖြင့် ကျပ်သန်းပေါင်း ၂၂၈ သန်း ကုန်ကျခံကာ အေးငြိမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ တည်ဆောက်နေသည့် စစ်တွေ ကိုယ်ပွားသတင်းစာတိုက် ဆောက်လုပ်ပြီးစီးမှုမှာ ယခုအခါ ၇၀ ရာခိုင်နှုန်းထိ ပြီးစီးနေပြီးဖြစ်ကာ ၂၀၁၅ ဒီဇင်ဘာလမကုန်မီ ပုံနှိပ်စက်အား စတင် စမ်းသပ်အသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ညွှန်ကြားရေးမှူး ဦးလှရွှေက The Root သို့ ပြောသည်။
“ အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းတွေက အောက်တိုဘာလအတွင်းမှာ အပြီးသတ် ဆောင်ရွက်သွားမှာပါ။ ပြီးရင် ပုံနှိပ်စက်တွေ တပ်ဆင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပြီး စမ်းသပ်အသုံးပြုမှုကို ဒီဇင်ဘာလအတွင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေအတွက်ပါ။ တစ်နေ့ကို စောင်ရေတစ်သောင်းနှုန်းစီနဲ့ ရိုက်နှိပ်ထုတ်ဝေသွားမှာပါ။ ရည်ရွယ်ချက်ကလည်း ရခိုင်ပြည်နယ်အတွင်း ဒီသတင်းစာနှစ်စောင် အချိန်နှင့်တပြေးညီ စာဖတ်သူတွေလက်ထဲ ရောက်ရှိဖို့ပါ”
ယခင်က စစ်တွေမြို့တွင် အသုံးပြုခဲ့သော ကိုယ်ပွားသတင်းစာတိုက်မှာ မြန်မာ့အလင်းနှင့် ကြေးမုံတို့ ရောင်စုံသတင်းစာအဖြစ် ပြောင်းလဲပြီးနောက် ရပ်နားခဲ့ရပြီး ရန်ကုန်မှ သယ်ယူခဲ့ရသဖြင့် သတင်းစာမှာ နှောင့်နှေးမှုများကြောင့် စာဖတ်ပရိသတ်များအနေဖြင့် သတင်းများ ဖတ်ရှုရာတွင် အဆင်မပြေမှုများစွာ ရှိခဲ့ကြောင်း သိရသည်။

0 comments:
Post a Comment