Thursday, October 1, 2015

အချူပ်အခြာအာဏာဆုံးရှုံးနေသော ရခိုင်မြောက်ပိုင်းဒေသကို ကာကွယ်နိုင်ရန် ရခိုင်အမျိုးသားပါတီ အနိုင်ရရန်လိုဟု ဒေါက်တာ ဦးအေးမောင် ပြောကြား



စစ်တွေ၊ အောက်တိုဘာလ ၁ ရက်

လက်ရှိအာဏာရ ပါတီတွေရဲ့ နိုင်ငံရေးရွေ့ကွက်တွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများရဲ့ အနာဂတ်ဟာ စိုးရိမ်ဖွယ်ရာ အနေအထားဖြစ်ပြီး အချူပ်အခြာအာဏာ ပိုင်ဆိုင်မှသာ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ ဦးအေးမောင်က အောက်တိုဘာလ ၁ ရက်နေ့ စစ်တွေမြို့နယ် မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ ပြောကြားလိုက်ပါတယ်။ 

 “ နှစ်ပေါင်းများစွာ ဖဆပလ လွတ်လပ်ရေးခေတ်ဦးမှသည် ကနေ့အထိ လူအားကြောင့်လည်းကောင်း၊ ငွေကြေးအားကြောင့်လည်းကောင်း၊ အာဏာရပါတီများ၏ ဘက်လိုက်မှုများကြောင့်လည်းကောင်း၊ နိုင်ငံရေးအကွက်ရွေ့ ကစားမှုများကြောင့်လည်းကောင်း၊ အချူပ်အခြာအာဏာ ဆုံးရှုံးနေသော ကျနော်တို့ မြောက်ပိုင်းဒေသကို အပြည့်အ၀ ကာကွယ်နိုင်ဖို့ ကနေ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ ပါတီ အပြည့်အ၀ အနိုင်ရဖို့လိုအပ်နေပါတယ်။"

ယင်းအပြင် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ဆူပူမှုအဓိကရုန်းကြီး တစ်ခုလုံး၏ အရေးကြီးဆုံး အစိတ်အပိုင်းမှာ အချူပ်အခြာအာဏာသာ ဖြစ်ကြောင်း၊ အချူပ်အခြာအာဏာကို ကိုင်လှုပ်နိုင်သော ပုဂ္ဂိုလ်များသည် နိုင်ငံသား စစ်စစ်သာဖြစ်ရမည်ဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို အသုံးပြု၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ရန် ဒေါက်တာအေးမောင်၏ အဆိုတင်သွင်းမှုကို ပြည်ထောင်စုလွှတ်တော်မှ ဒုတိယအကြိမ် ပြင်ဆင်ပေးခဲ့မှုကြောင့် ယခုအခါ နိုင်ငံသားမဟုတ်သောပုဂ္ဂိုလ်များ နိုင်ငံရေးပါတီထူထောင်ခွင့် မရရှိခဲ့ခြင်းဖြစ်ကြောင်း သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဥက္ကဌ ဒေါက်တာ ဦးအေးမောင်ရဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးခရီးစဉ်ကို အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး သူဟာ မာန်အောင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top