Thursday, October 1, 2015

ရခိုင်အမျိုးသားပါတီ၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန် နိုင်ငံရေးအောက်ခြေထိုးသော မဲဆွယ်စည်းရုံးမှုများအတွက် သက်ဆိုင်ရာ ပါတီနှင့် တသီးပုဂ္ဂလများကို တရားစွဲဆိုရန် ANP မှ စီစဉ်နေ

ရန်ကုန်၊ အောက်တိုဘာလ ၁ ရက်

ရခိုင်အမျိုးသားပါတီ၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန်နှင့် ပါတီ ဥက္ကဌ၏ အပြုအမူ ပြောကြားချက်အချို့အပေါ် လိုရာဆွဲ အပုတ်ချ မဲဆွယ်စည်းရုံးနေကြသော ရခိုင်ပြည်နယ်တွင်း နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များကို တရားစွဲဆိုရန် စီစဉ်နေကြောင်း ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးခိုင်ပြည်စိုးက RIA သို့ ပြောသည်။
“ပါတီဥက္ကဌရဲ့ မီဒီယာပြောကြားချက်အချို့အပေါ် ပြိုင်ဘက်ပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတချို့က လိုရာဆွဲပြီး ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်စေဖို့နဲ့ ရခိုင်အမျိုးသားပါတီရဲ့ နိုင်ငံရေးသြဇာဂုဏ်သိက္ခာ ပျက်ပြားစေဖို့၊ ပြည်သူတွေ အယုံအကြည်မဲ့စေဖို့ မဲဆွယ်စည်းရုံးမှုတွေ ရှိနေတယ်လို့ ကျနော်တို့ စုံစမ်းသိရှိထားပြီးဖြစ်ပါတယ်။ ပါတီဥက္ကဌရဲ့ မီဒီယာပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ဒါဟာ မှားခဲ့မယ်ဆိုရင် အမျိုးသားပါတီနဲ့ပဲ သက်ဆိုင်ပါတယ်။ ဘယ်ပါတီကမှ ဒါကို ထည့်သွင်းပြောကြားနေစရာလည်း မလိုပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စီအိုစီ ကို ကိုယ်စားလှယ်လောင်းတွေ လိုက်နာဖို့ လိုပါတယ်။ ဒါကို ချိုးဖောက်နေတဲ့ သက်ဆိုင်သူတွေကို တရားစွဲဆိုနိုင်ဖို့ ကျနော်တို့ စီစဉ်နေပါတယ်။ ”

ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ ဦးအေးမောင်၏ DVB သတင်းမီဒီယာတွင် ဖြေကြားမှုဖြစ်သော ရခိုင်ပြည်နယ် ပြင်ပတွင် NLD ကို မဲပေးမှသာလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိုင်မည်ဆိုသော ပြောကြားချက်များ၊ ရခိုင်အမျိုးသား ညီလာခံအတွင်း ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို လက်အုပ်ချီကာ အရိုအသေပေးနေသော ဒေါက်တာ အေးမောင်၏ ဓာတ်ပုံများကို အခြေခံ၍ ပါတီတချို့နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်အချို့က ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန်နှင့် ANP ၏ မဲကို မတရားမှုဖြင့် ရယူနိုင်ရန် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးခိုင်ပြည်စိုးက ပြောကြားခဲ့သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top