စစ်တွေ၊ စက်တင်ဘာ ၂၃
ရခိုင်တိုင်းရင်းသားများအနေဖြင့် စစ်မှန်သော ပြောင်းလဲမှုကို လိုလားလျှင် NLD ကို မဲပေးရန် စစ်တွေမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသာစံက ၄င်းတို့၏ စစ်တွေမြို့နယ် ပထမဆုံးသော စည်းရုံးမဲဆွယ်မှုတွင် ပြောကြားလိုက်သည်။
အဆိုပါ ပြောကြားမှုကို စက်တင်ဘာလ ၂၃ ရက်နေ့က စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာတွင် ပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ၏ စစ်တွေမြို့နယ် မဲဆန္ဒနယ်တွင် ပထမဆုံးပြုလုပ်သော စည်းရုံးဟောပြောမှုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“အဓိက ပြည်ထောင်စုအဆင့် အစိုးရဖွဲ့နိုင်တာ ကြံ့ခိုင်ရေးနဲ့ NLD ပဲရှိတယ်။ ကျန်ပါတီတွေက အနိုင်ရခဲ့ရလျှင် ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှုကို ဆောင်ရွက်နိုင်မှာ မဟုတ်တာကြောင့် ရခိုင်တိုင်းရင်းသားတွေအနေနဲ့ နှစ်ပေါင်း ၆၀ ကျော်အတွင်း ခံစားခွင့်မရရှိခဲ့တဲ့ အပြောင်းအလဲတွေကိုရရှိဖို့ NLD ကို မဲပေးဖို့ လိုအပ်ပါတယ်” ဟု NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသာစံ က ပြောသည်။
NLD ၏ စစ်တွေမြို့နယ်တွင်း ပထမဆုံးသော မဲဆွယ်စည်းရုံးဟောပြောပွဲကို ဒေသခံ ၆၀ ခန့် တက်ရောက် နားထောင်ခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်၏ အလားအလာအကောင်းဆုံး ပါတီများတွင် NLD သည် ထိပ်ဆုံးတွင် ပါဝင်မှုမရှိသော်လည်း ရခိုင်ပြည်နယ် တောင်ပိုင်းဒေသများ ဖြစ်သော တောင်ကုတ်၊ သံတွဲ၊ ဂွ စသော ဒေသများတွင် အနိုင်ရရှိရန် ရေပန်းစားနေကြောင်း သိရသည်။

0 comments:
Post a Comment