စစ်တွေ၊ စက်တင်ဘာ ၂၄ ရက်
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ရခိုင်ပြည်နယ် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အင်အားကြီးပါတီတွေကို အလွယ်တကူ ကျော်ဖြတ်ရန် မလွယ်ကူဘဲ ခက်ခဲစွာ ယှဉ်ပြိုင်ရနိုင်ဖွယ်ရှိကြောင်း စစ်တွေမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေကနေ ယှဉ်ပြိုင်မယ့် ပြည်နယ်လွှတ်တော် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကျော်ဇောဦးက ပြောပါတယ်။
“ ယှဉ်ပြိုင်ရာမှာ နောက်ကွယ်က ပါတီရှိနေတဲ့ ကိုယ်စားလှယ်လောင်းတွေကျတော့ ပိုပြီးတော့ ၀ိတ်ရှိတာပေါ့။ တသီးပုဂ္ဂလ ပါတီနောက်ခံမရှိသူတွေအတွက်ကျတော့ အခက်အခဲရှိတယ်။ ရခိုင်ပြည်နယ်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေများလာတာကတော့ ကောင်းတဲ့ လက္ခဏာလို့ ဆိုရမယ်။ နိုင်ငံရေးကို စိတ်ဝင်စားမှု များပြားလာတဲ့ သဘောပါ။ ပါတီရွေးချယ်မှုမှာ ရှုံးနိမ့်ပြီးမှ ဖြစ်လာတဲ့ တသီးပုဂ္ဂလတွေကိုတော့ ကျနော် ရည်ညွန်းလိုတာ မဟုတ်ပါဘူး။ ”
တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအများစုဟာ ပါတီတွင်း ရွေးချယ်မှုကို လက်မခံဘဲ ပါတီက နုတ်ထွက်လာသူတွေနဲ့၊ ပါတီရဲ့ ကိုယ်စားလှယ်ရွေးချယ်ရေး မူ ၁၀ ချက်နဲ့ မညီညွတ်သူတွေအပြင် ပါတီတွင်း ရွေးချယ်မှုမှာ အနိုင်ရခဲ့ပြီး တိုင်ကြားခံရမှုတွေကြောင့် တသီးပုဂ္ဂလတွေအဖြစ် ကိုယ်စားလှယ်လောင်း လျှောက်ထားမှု ပိုမို များပြားလာခဲ့တာလို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၀ ဦး ရှိပြီး လက်ရှိ လွှတ်တော်ကိုယ်စားလှယ်လောင်း - ၂၀၁၀ အနိုင်ရ ကိုယ်စားလှယ်အချို့လည်း တသီးပုဂ္ဂလအဖြစ် ပါဝင်လာတာကို တွေ့ရပါတယ်။
 
 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
0 comments:
Post a Comment