Wednesday, September 23, 2015

ရွေးကောက်ပွဲအနိုင်ရရှိပါက လွှတ်တော်တွင်းမှနေ၍ ပြည်နယ်အသုံးစရိတ်များအား အလွဲသုံးစားမဖြစ်စေရန် စနစ်တကျပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးအေးသာအောင်ပြောကြား



မင်းပြား၊ စက်တင်ဘာ (၂၃) ရက်

ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုမှ ချပေးလိုက်သည့်စီမံကိန်းများနှင့် ဘတ်ဂျက်ငွေများအား တိတိကျကျကိုင်တွယ် အသုံးပြုနိုင်ရေးကို လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက လွှတ်တော်အတွင်းမှနေ၍ ပြည်နယ်အသုံးစရိတ် အလွဲသုံးစားပြုလုပ်နေမှုများအား စနစ်တကျဖြစ်အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မင်းပြားမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအေးသာအောင်က ပြောသည်။

ဦးအေးသာအောင်သည် မင်းပြားမြို့နယ်မဲဆန္ဒနယ်နှင့်မြေပုံမြို့နယ် မဲဆန္ဒနယ်မြေအတွင်းမှ အမျိုးသား လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ၎င်းမှာ ရခိုင်အမျိုးသားပါတီ၏ ဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

“ပြည်ထောင်စုက ချပေးလိုက်တဲ့ ဘတ်ဂျက်ငွေတွေကို အလွဲသုံးစားပြုလုပ်နေကြတာတွေကို ကြားနေရပါတယ်။ တာဝန်ယူဆောက်လုပ်တဲ့ ကုမ္ပဏီတွေကလည်း သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့
ကိုက်ညီအောင်မလုပ်တာတွေကို တွေရပါတယ်။ အဲလိုမလုပ်ဖို့အတွက် ကုမ္ပဏီဘက်ကနေပြီးတော့ တာဝန်ရှိတဲ့သူတွေကို ရာခိုင်နှုန်းဘယ်လောက်ဆိုပြီး ပေးထားတာတွေရှိနေတယ်။ လာဘ်ထိုးထားကြတယ်။ အဲဒါကြောင့်မို့လို့ ရခိုင်ပြည်မှာ လမ်းတွေ၊ တံတားတွေ၊ စာသင်ကျောင်းတွေ၊
ဆေးရုံဆေးခန်းတွေ ကောင်းကောင်းမွန်မွန်မဖြစ်ဘဲ သုံးနှစ်လောက်အတွင်းမှာ ပြိုကျတာတွေဖြစ်နေပါတယ်”ဟု ဦးအေးသာအောင်က ဆိုသည်။

ထို့ကြောင့် ပြည်ထောင်စုမှချပေးလိုက်သည့် ဒေသဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ငွေကြေးများကို
မှန်မှန်ကန်ကန်အသုံးပြုနိုင်ရန် လုပ်ဖို့လိုအပ်ကြောင်း၊ ယင်းသို့ လုပ်ကိုင်မည့်ပုဂ္ဂိုလ်များ ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် အများအပြားပါလာရန် လိုအပ်ကြောင်းကိုလည်း ထောက်ပြသည်။

“ကျန်းမာရေးကို ဦးစားပေးလုပ်မယ်ဆိုရင် ရခိုင်ပြည်တစ်ခုလုံးမှာရှိတဲ့ကျေးရွာတွေမှာ ဆေးခန်းတွေ၊ သူနာပြုတွေကို လုံလုံလောက်လောက် ချပေးသင့်တယ်။ သို့တည်းမဟုတ် ပညာရေးကို လုပ်မယ်ဆိုရင်လည်း ကျေးရွာတိုင်းကျောင်းတွေ ဆောက်ပေးဖို့ လုပ်အပ်တယ်။ ပျက်စီးယိုယွင်းနေတဲ့ ကျောင်းတွေကို ခိုင်ခိုင်မာမာပြုပြင်ပေးဖို့ လိုတယ်။ ဆရာဆရာမ မလုံလောက်တဲ့အတွက် ရွာတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆရာတွေစပါးပေးပြီး ငှားသင်နေကြရတယ်။ ဒါတွေကို ကောင်းအောင်လုပ်ဖို့အတွက် ကိုယ်စားလှယ်ကောင်းကောင်းတွေ လိုအပ်ပါတယ်။” ဟု ဦးအေးသောအောင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စသည့်ကဏ္ဍများတွင် ပျက်စီးမှုများ၊ နိမ့်ကျမှုများနှင့်ကြုံတွေ့နေကြရခြင်းမှာ နိုင်ငံတော်ဘဏ္ဍာငွေများအား အလွှဲသုံးစားပြုနေမှုများကြောင့် ဖြစ်ကြောင်းနှင့်
ယင်းသို့ လာဘ်ပေးလာဘ်ယူ ပြုလုပ်နေကြသည့် ယဉ်ကျေးမှုများ ပပျောက်အောင် လွှတ်တော်မှနေ၍ ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုလုပ်ငန်းများကို စနစ်တကျပြုလုပ်နိုင်ရန်အတွက် ၂၀၁၅
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း
ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း သူက ဆိုသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top