Tuesday, September 22, 2015
ရွေးကောက်ပွဲသတင်းယူမှု သက်သေခံကဒ်ပြား နိုဝင်ဘာ ၁ ရက်နေ့မှသာ ထုတ်ပေးမည်
ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် သတင်းရယူကြမည့် သတင်းမီဒီယာများအား နိုဝင်ဘာ ၁ ရက်နေ့မှသာ သက်သေခံကဒ်ပြားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။
“ အခုလောလောဆယ်တော့ ဘယ်သူမှလည်း လာလျှောက်တာ မရှိသေးဘူး။ ထုတ်ပေးဖို့လည်း အဆင်သင့်မဖြစ်သေးဘူး။ ရွေးကောက်ပွဲ မကျင်းပမီ ၁ ပတ်အလိုမှသာ ထုတ်ပေးသွားမှာပါ။” ဟု ဦးသူရိန်ထွဋ်က Root သို့ ပြောသည်။
သတင်းမီဒီယာများအနေဖြင့် အဖွဲ့အစည်းတစ်ခုလျှင် တစ်မြို့နယ် ၃ ဦးထက် မပိုသော အရေအတွက်ဖြင့် သက်သေခံကဒ်ပြားများ ရယူနိုင်ရန် စက်တင်ဘာ ၅ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးကော်မရှင်များသို့ ညွှန်ကြားထားပြီး ဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းမီ ၇ ရက်အလိုမှသာ ထုတ်ပေးမည်ဟု သိရသည်။
မဲရုံပရ၀ုဏ်အတွင်း သတင်းယူရန် တစ်မြို့နယ်လျှင် သတင်းမီဒီယာတစ်ခုမှ ၃ ဦးသာ ခွင့်ပြုထားမှုကို မီဒီယာများက ဝေဖန်မှုကြောင့် မြို့နယ်အစား ပြည်ထောင်စု နယ်မြေ၊ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ တိုင်း/ဒေသနှင့် ခရိုင်အလိုက် မဲရုံပရ၀ုဏ်အတွင်း သတင်းယူခွင့်ပြုကြောင်း စက်တင်ဘာ ၄ ရက်နေ့တွင် အစားထိုး ပြင်ဆင်ခဲ့သည်။

0 comments:
Post a Comment