Monday, October 3, 2016

နိုင်ငံတော်အသရေဖျက်မှုနှင့် တရားစွဲခံနေရသူကို အမေရိကန်ရခိုင်အသင်းမှ အမျိုးသားစွမ်းဆောင်ရည်ဆု ချီးမြင့်


ခိုင်လင်းစံ/RiA

စစ်တွေ၊ အောက်တိုဘာ ၃ ရက်။ နိုင်ငံတော်အရေဖျက်မှုနှင့် တရားစွဲဆိုခံထားရသူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ အဆင့်မြင့်ခေါင်းဆောင် ဦးခိုင်မျိုးထွန်းကို အမေရိကန်ရခိုင်အသင်းမှ “ရခိုင်အမျိုးသားစွမ်းဆောင်ရည် (အမှန်တရားဘက်တော်သား) ဆု” ပေးအပ်ခဲ့သည်။

ဆုပေးအပ်ပွဲအခမ်းအနားကို စစ်တွေမြို့ အာရီယန်ခန်းမတွင် ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဦးခိုင်မျိုးထွန်း၏ ဇနီး ဒေါ်စောမြင့်ခိုင်က လက်ခံရယူခဲ့သည်။

“သူလုပ်ခဲ့တဲ့ အလုပ်ဟာ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေအတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့အတွက် ကျွန်မ ယောက်ျားကိုလည်း ကျွန်မကိုယ်တိုင် ဂုဏ်ယူပါတယ်။ သူ့ကို အခုလို ဂုဏ်ပြုဆုပေးအပ်တဲ့ အတွက်လည်း အမေရိကန်ရောက် ရခိုင်အသင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုးဂုဏ်ပြုဆုတွေ ပေးအပ်ပြီးတော့ လိုက်ပါ ဆောင်ရွက်ပေးနေသူတွေရဲ့ အကူအညီကြောင့် အစိုးရအနေနဲ့ လည်း ပြန်လည် လွှတ်ပေးလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။” ဟု ဦးခိုင်မျိုးထွန်း၏ ဇနီး ဒေါ်စောမြင့်ခိုင်က ပြောသည်။

ဦးခိုင်မျိုးထွန်းသည် ရခိုင်လက်နက်ကိုင် AA နှင့် တပ်မတော်ကြား တိုက်ပွဲများအတွင်း ဒေသခံရခိုင်တိုင်းရင်းသားများကို တပ်မတော်ဘက်မှ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး၊ အထောက်အထား ခိုင်လုံမှု မရှိဘဲ စွပ်စွဲခြင်းဖြစ်ကာ တပ်မတော်ဂုဏ်သိက္ခာနှင့် နိုင်ငံတော်ကို အသရေဖျက်သည်ဟု တပ်မတော်မှ ယူဆပြီး သူ့ကို တရားစွဲဆို ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ရခိုင်အသင်းမှ ချီးမြင့်သည့် အမှန်တရား ဘက်တော်သား ဆုတွင် အလေးချိန် ၁ ကျပ်သားရှိ ရွှေသားတံဆိပ်နှင့် အမေရိကန်ဒေါ် ၂၀၀၀ ၊ မြန်မာကျပ်ငွေ ၂၅ သိန်းတို့ ပါဝင်သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top