Monday, September 19, 2016

ရခိုင်တွင် တတိယမြောက် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

မင်းမျိုးနွယ်/RiA

စစ်တွေ၊ စက်တင်ဘာ ၁၉ ရက်။ ရခိုင်နယ်စပ် အနောက်ဖက်ဒေသ၊ ရသေ့တောင်မြို့နယ် ရေစိုချောင်းကျေးရွာ အနီးရှိ စကခ (၅) အခြေချဗျူဟာ ထိန်းချူပ်နယ်မြေဖြစ်သည့် အမှတ် (၃) နယ်ခြားစောင့် တပ်အပိုင်နေရာတွင် ယနေ့ နံနက် ၆ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

အမှတ် (၃) နယ်ခြားစောင့်တပ်၊ ဆက်သွယ်ရေးတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦး ခရီးထွက်ရန် စက်လှေဆိပ်သို့ ဆင်းရန်ပြင်ဆင်နေစဉ်တွင် ရေစိုချောင်းကျေးရွာအနီး၊ ကျေးရွာသားများ အသုံးပြုသည့် တံတားငယ် တစ်ခုအောက်မှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စုံစမ်းမှုများအရ ရေသန့်ဗူးခွံဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံးဖြစ်ကြောင်း သိရသည်။

" ဒီနေ့ မနက်က ပေါက်ကွဲမှုဖြစ်တာ ဟုတ်ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရတာတို့ မရှိပါဘူး။ ပေါက်ကွဲမှုကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်က တာဝန်ယူစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အဲဒီနေရာကလည်း စကခ ၅ ဗျူဟာမှူးကိုယ်တိုင် ရုံးထိုင်တဲ့နေရာ ဖြစ်နေတာမို့ တပ်ကပဲ ကိုင်တွယ်ပါလိမ့်မယ်။" ဟု ရသေ့တောင်မြို့နယ် ရဲမှူး ဦးဇော်ဝင်းအောင်က ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာသည် ရသေ့တောင်မြို့နယ်နှင့် ၂၂ မိုင်ခန့် ကွာဝေးပြီး ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နှင့် မြန်မာ့တပ်မတော်ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင် လာရသည့် စစ်ဘေးဒုက္ခသည်များ နေထိုင်ရာလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ယခုနှစ် မတ်လ ၁၀ ရက်နေ့က စစ်တွေမြို့တွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး၊ ဒုတိယအကြိမ်အဖြစ် မေလ ၁၅ ရက်နေ့တွင် စစ်တွေမြို့၌ပင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ယခုအကြိမ်သည် တတိယအကြိမ်မြောက် ဗုံးပေါက်ကွဲမှု ဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှု သုံးကြိမ်စလုံး၏ လက်သည်တရားခံကို ပြည်နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top