မင်းမျိုးနွယ်/RiA
မြေပုံ၊ စက်တင်ဘာ
၂၅ ရက်။ ရခိုင်ပြည်နယ်အတွင်း တောင်သူလယ်သမားများအတွက် အကာအကွယ် ပေးနိုင်ရေး၊ မရှင်း
မလင်းဖြစ်နေသည့် လယ်ယာမြေများအား ဥပဒေနှင့်အညီ ပြန်လည်ရရှိရေး စသည့် ရည်ရွယ် ချက်များဖြင့်
တောင်သူလယ်သမား သမဂ္ဂတစ်ခု ပေါ်ပေါက် လာစေနိုင်ရေး အကြို ညီလာခံတစ်ခုကို စက်တင်ဘာ ၂၅
ရက်နေ့မှ ၂၇ ရက်နေ့ထိ မြေပုံမြို့နယ်တွင် ကျင်းပပြုလုပ်လျက်ရှိသည်။
ညီလာခံကို
ရခိုင်ပြည်နယ်၊ မြိ့နယ်အသီးသီးမှ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။
“တောင်သူ
လယ်သမား လူနေမှုဘဝနဲ့ အကျိုးစီးပွားကို မြှင့်တင်ဖို့ရယ်။ နောက်တစ်ချက်က တည်ဆဲ ဥပဒေနဲ့
ညီညွတ်မှုမရှိတဲ့ မြေယာသိမ်းဆည်းမှု မြေယာဆုံးရှုံးမှုတွေကို ကာကွယ်ပေးဖို့၊ နောက်တစ်ချက်က
တောင်သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တောင်သူ လယ်သမားတွေ ကိုယ်တိုင် အပြည့်အဝ ဖန်တီးနိုင်ဖို့
ဆိုတဲ့ အချက် သုံးချက်အပေါ်မှာ အခြေခံပြီးတော့ ပြုလုပ်နေတာဖြစ်ပါတယ်။ တောင်သူတွေ ဆုံးရှုံးနစ်နာနေတဲ့
ကိစ္စတွေကို တည်ဆဲ ဥပဒေနဲ့အညီ အကျိုးခံစားခွင့်ရရှိစေဖို့ ဆိုတာက မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့
ဥပဒေတွေရှိပါတယ်။ သိမ်းဆည်းထားတဲ့ မြေတွေဟာ ပိုင်ရှင်ထံသို့ ပြန်ပေးရမယ်ဆိုတဲ့ ဥပဒေနဲ့အညီ
ဘိုးဘေးပိုင် မြေတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် ဥပဒေကို တည့်မတ်ပေးနိုင်ဖို့အတွက်
ရည်ရွယ်ပြီးတော့ သမဂ္ဂတစ်ခုကို ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။” ဟု အကြိုညီလာခံ ကျင်းပရေးကော်မတီ
ခေါင်းဆောင် ဦးကျော်ဇံက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း
ယခင်အစိုးရလက်ထက်တွင် ဥပဒေမဲ့ သိမ်းဆဲထားခဲ့သည့် မြေယာများမှာ ဧက သုံးသောင်းကျော် ရှိပြီး
၂၈၀၀၀ ကျော်ကို ပြန်လည် ပေးအပ်ထားပြီးဖြစ်ကြောင်း လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်၏
ထုတ်ပြန်ချက်အရ သိရသည်။
“ အစိုးရဘက်ကတော့
ပြန်ပေးနေပြီ ဆိုပေမယ့် သိမ်းဆည်းခံ လယ်ယာမြေတွေဟာ အရင်က ပိုင်ဆိုင်ခဲ့တဲ့ တောင်သူတွေဆီကို
ဘယ်လောက် ပြန်ရောက်နေပြီလဲ။ ဘာတွေက မရောက်သေးလဲဆိုတဲ့ အပေါ်မှာ ဒါတွေဟာ တောင်သူ လယ်သမားတွေနဲ့
အစိုးရ၊ ဌာနဆိုင်ရာတွေ အကြား အပေးအယူ လုပ်ရပါလိမ့်မယ်။ ညှိနှိုင်း ဆွေးနွေးရပါမယ့် အပိုင်းတွေ
ရှိနေပါတယ်။ အဲဒါကို သမဂ္ဂက တစ်ခုအနေနဲ့ ခရီးဆက်သွားနိုင်အောင် အတွက် အခုလိုလုပ်ရတာဖြစ်ပါတယ်။”
ဟု ဦးကျော်ဇံက ဆက်လက်ပြောကြားသည်။
ညီလာခံကို
တောင်သူလယ်သမား ကိုယ်စားလှယ်ပေါင်း ၁၅၀ ဦးခန့် တက်ရောက်ကာ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေး
ပညာရှင်များ၊ မြေယာအရေး ကျွမ်းကျင်သူများ၊ အငြိမ်းစား ဝန်ထမ်းများနှင့် မြန်မာပြည် အတွင်း
မြေယာ အရေး တက်ကြွစွာ လိုက်ပါ ဆောင်ရွက်ပေးနေသော ဒို့ပြေကွန်ရက်မှ ခေါင်းဆောင်တစ်ချို့လည်း
တက်ရောက်လျက်ရှိသည်။
0 comments:
Post a Comment