RiA
စစ်တွေ၊
သြဂုတ် ၂၅ ရက်။ ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် ပြဿနာ ရပ်များကို
ဖြေရှင်းနိုင်ရန် အကြံပြုချက်များကို ရှာဖွေမည့် "ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်" ဖွဲ့စည်းကြောင်း နိုင်ငံတော် အတိုင်ပင်ခံဝန်ကြီးဌာန၏
သြဂုတ်လ ၂၄ ရက် ထုတ်ပြန်ချက်သည် နိုင်ငံ၏ အချူပ်အခြာ အာဏာကို
ထိခိုက်လာနိုင်သဖြင့် ယင်းကော်မရှင်ကို ဖျက်သိမ်းပေးရန်
ရခိုင်အမျိုးသားပါတီက ယနေ့ သြဂုတ် ၂၅ ရက်နေ့တွင် ကြေညာချက်ထုတ် တောင်းဆို
လိုက်သည်။
ကြေညာချက်တွင် - အတိုင်ပင်ခံဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည်
ပြည်ထောင်စုသမ္မတနိုင်ငံရှိ ဌာနေတိုင်းရင်းသားအားလုံး၏ မူလအခွင့်အရေးများကို
ထိခိုက်ဆုံးရှုံးစေပြီး၊ အစိုးရသစ်တရပ်အနေနှင့် တိုင်းပြည်၏
အရေးကြီးကိစ္စရပ်များဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေး၊
ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးများကို
ဦးစားပေးလုပ်ဆောင်ရမည့် အစား အလွန်ထိလွယ်ရှလွယ်သော ရခိုင်ပြည်နယ်ရှိ
ဘင်္ဂလီအရေးကို ရှေ့တန်းတင် ဇောင်းပေး လုပ်ဆောင်နေခြင်းသည် နိုင်ငံတော်နှင့်
နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိပါးခြင်းဖြစ်လာနိုင်သည် ဟု
ဖော်ပြပါရှိသည်။
ကော်မရှင်တွင် ရခိုင်တို့၏
နောက်ခံသမိုင်းကြောင်းနှင့် ဖြစ်တည်နေမှုကို နားလည်နိုင်စွမ်း မရှိသည့်
နိုင်ငံတကာမှ ပုဂ္ဂိုလ် (၃) ဦးတို့ ပါဝင်နေခြင်းကိုလည်း
ရခိုင်အမျိုးသားပါတီမှ ကန့်ကွက်ပြီး၊ ယခင်အစိုးရမှ ရခိုင်ပြည်နယ်
အရေးနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး
ဖြစ်သည့် အပြင် အစီရင်ခံစာလည်း ထွက်ရှိခဲ့ပြီး ဖြစ်သောကြောင့် ထပ်မံ၍
ကော်မရှင်အသစ်တရပ် ဖွဲ့စည်းမှုပြုရန် မလိုအပ်ဘဲ ယခင်အစိုးရက ဖွဲ့စည်းခဲ့သည့်
ကော်မရှင်၏ အစီရင်ခံစာကို အခြေခံ၍ သုံးသပ်အဖြေရှာရန်သာ လိုအပ်ကြောင်းနှင့်
သြဂုတ် ၂၄ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂ
အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဥက္ကဌအဖြစ် တာဝန်ယူမည့်
"ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်" ကို ဖျက်သိမ်းပေးရန်
တောင်းဆိုကြောင်း ကြေညာချက်အရ သိရသည်။
0 comments:
Post a Comment