Thursday, August 4, 2016

ဘာသာရေးအစွန်းရောက်လုပ်ရပ်များကို ရှုတ်ချကြောင်း မြန်မာနိုင်ငံ အစ္စလမ်အဖွဲ့များ ကြေညာ

RiA ၊ သြဂုတ် ၄ ရက်

ရန်ကုန်။ နိုင်ငံသား အစ္စလမ်ဘာသာဝင်များ ပါဝင်သော Social Alliance ၊ ရွှေးလင်္ကျာ အင်စတီကျူ့ နှင့် Organization of Equality and Justice for Minority အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ အိုင်အက်စ် (ISIS) အဖွဲ့နှင့် ပတ်သက်၍ သဘောထားကြေညာချက်တစ်စောင်ကို သြဂုတ် ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ကြေညာချက်တွင် အစ္စလမ်နိုင်ငံတော် အမည်ခံထားသည့် ISIS မှ ကျူးလွန်နေသည့် အကြမ်းဖက် လုပ်ရပ်များကြောင့် နိုင်ငံအသီးသီးမှ အစ္စလမ်ဘာသာဝင်များအပါအ၀င် အခြားဘာသာဝင်တို့လည်း ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ပြီး ယင်းကျူးလွန်မှုများသည် အစ္စလာမ်သာသနာနှင့် သက်ဆိုင်ခြင်း မရှိသလို မြန်မာနိုင်ငံရှိ အစ္စလမ်ဘာသာဝင်များအနေနှင့်လည်း လုံးဝ လက်မခံကြောင်း ဖော်ပြပါရှိသည်။

ယခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံရှိ ISIS အဖွဲ့မှ မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားသည့် ခြိမ်းခြောက်စာကို လက်ခံရရှိခဲ့ပြီးနောက် အဆိုပါ သတင်းကို အခြေပြု၍ မြန်မာနိုင်ငံအတွင်းရှိ မတူကွဲပြားသော ဘာသာလူမျိုးများအကြား သံသယနှင့် အမုန်း တရားများ ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်မှုများရှိလာမည်ကို စိုးရိမ်မိကြောင်းနှင့် ဘာသာရေး အစွန်းရောက်သော အတွေးအခေါ်လုပ်ရပ်များကို နိုင်ငံတော်အစိုးရ၊ ပြည်သူများနှင့် လက်တွဲ၍ ဆန့်ကျင်တိုက်ဖျက်သွားမည် မြန်မာနိုင်ငံ အစ္စလမ်ဘာသာဝင် အဖွဲ့များ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top