Wednesday, August 24, 2016

ရခိုင်ပြည်နယ်အရေး ဖြေရှင်းရန် အကြံပေးကော်မရှင်ဖွဲ့စည်း

siitwe_aungmingalar ward (photo)
RiA

နေပြည်တော်၊ သြဂုတ် ၂၄ ရက်။ ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းနိုင်မည့် အကြံပြုချက်များကို ရှာဖွေနိုင်ရန် အဖွဲ့ဝင် (၉) ဦးပါဝင်သည့် "ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်" တရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ သြဂုတ် ၂၄ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

အကြံပေးကော်မရှင်တွင် ဘက်လိုက်မှုကင်းသည့်၊ လူအများ လေးစားသည့်၊ အတွေ့အကြုံရင့်ကျက်သည့်၊ ထင်ပေါ်ကျော်ကြားသည့် မြန်မာနိုင်ငံ သားပုဂ္ဂိုလ် (၆)ဦး၊ နိုင်ငံတကာမှ ပုဂ္ဂိုလ် (၃)ဦး တို့ဖြင့် စုစုပေါင်းအဖွဲ့ဝင် (၉)ဦး ပါဝင်မည်ဖြစ်ပြီး၊ ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန်ဖောင်ဒေးရှင်း တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် မှ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြံပေးကော်မရှင်ဝင်များအဖြစ် (၁) ဦးဝင်းမြ - ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ (၂) ဒေါက်တာသာလှရွှေ နာယက၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ (၃) မစ္စတာ ဂါဆန်ဆလမ်၊ ယဉ်ကျေးမှုဝန်ကြီး (၂ဝဝဝ-၂ဝဝ၃)၊ လက်ဘနွန်နိုင်ငံ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအအကြံပေးပုဂ္ဂိုလ် (၂ဝဝ၃-၂ဝဝ၆)၊ (၄) မစ္စ လက်တီတီရာ ဗန်ဒန် အာဆမ်၊ ကုလသမဂ္ဂအိတ်ခ်ျအိုင်ဗွီနှင့် အေအိုင်ဒီအက်စ်ဆိုင်ရာအစီအစဉ်(UNAIDS)၏ အထူးအကြံပေးပုဂ္ဂိုလ် (၂ဝဝ၅-၂ဝဝ၆) ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး (၂ဝ၁၂-၂ဝ၁၅)၊ (၅) ဦးအေးလွင်၊ တည်ထောင်သူတစ်ဦးနှင့် အမြုတေအဖွဲ့ဝင်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့(မြန်မာနိုင်ငံ)၊ (၆) ဒေါက်တာမြသီတာ၊ ဥက္ကဋ္ဌ၊ သားဖွားမီးယပ်ပညာအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ (၇) ဦးခင်မောင်လေး၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ (၈) ဒေါ်စောခင်တင့် ဥက္ကဋ္ဌ၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း(ရန်ကုန်) ဒုတိယဥက္ကဋ္ဌ၊ ရခိုင်အမျိုးသမီးများအသင်းနှင့် နောက်ထပ်တစ်ဦးအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန်တို့ ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ကော်မရှင်အနေနှင့် ရခိုင်ဒေသရှိ ပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံ အခွင့်အရေးများအား အာမခံချက်ပေးနိုင်ရေးကိစ္စ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စများနှင့် အခြေခံလူမှု ဝန်ဆောင်မှုများ ရရှိရေးကိစ္စများ၊ ပြည်နယ်အတွင်း ပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှုအကူ အညီများပံ့ပိုးရေး၊ အခွင့်အရေးများနှင့် ပြန်လည်ရင်ကြားစေ့သင့်မြတ်ရေး၊ အခြေခံအဖွဲ့အစည်း အဆောက်အအုံများ တည်ထောင်ပေးရေး၊ ဖွံ့ဖြိုး တိုးတက်မှုမြှင့်တင်ရေး စသည့်ကဏ္ဍများအတွက် လေ့လာသုံးသပ်မှုများပြုလုပ်ကာ ရခိုင်ပြည်နယ်၏ လတ်တလော မဖြေရှင်းနိုင်သေးသည့် အရေးကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် ရှာဖွေတွေ့ရှိချက်များကို ၁၂ လထက် နောက်မကျစေဘဲ တင်ပြရမည်ဖြစ်သည်။

ထို့အပြင် ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းအရာ အပါအဝင် နိုင်ငံတကာ ဆက်နွှယ်မှုတို့ကိုလည်း သုံးသပ်မှုများ ပြုလုပ်သွားဖြစ်ပြီး ကော်မရှင်၏ ဆောင်ရွက်မည့် ကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် ကိုဖီအာနန်ဖောင်ဒေးရှင်းတို့အကြား နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top