Tuesday, July 26, 2016

CNPC ကုမ္ပဏီ၏ စည်းကမ်းဖောက်ဖျက်မှုကို ဖြေရှင်းပေးရန် တရုတ်-မြန်မာပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့ တောင်းဆို

RiA ၊ ဇူလိုင် ၂၆ ရက်

စစ်တွေ။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ တင်ပို့လျှက်ရှိသည့် ရေနံနှင့် ရွှေသဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းမှုကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ဒေသခံတောင်သူ များ၏ လျော်ကြေးငွေများကို အမြန်ဆုံး ပေးအပ်နိုင်ရန်နှင့် တရုတ်ကုမ္ပဏီ၏ စည်းကမ်းဖောက်ဖျက်မှုများအား ဖြေရှင်းနိုင်ရန်တို့အတွက်
တရုတ်-မြန်မာ ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ (MCPWC) က တောင်းဆိုလိုက်သည်။

ပြည်နယ်ဝန်ကြီးချူပ် ဦးညီပု ဦးဆောင်သော အစိုးရအဖွဲ့ ၀န်ကြီးများနှင့် MCPWC တို့အပါအ၀င် ကျောက်ဖြူဒေသခံတို့သည် ဇူလိုင် ၂၅ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးတွင် တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုတွင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ သုတေသနစာတမ်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီမှာ အများပြည်သူ သိရှိအောင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို သွားလိုတဲ့အတွက် တာဝန်ရှိသူတွေ အနေနဲ့ တာဝန်ယူခြင်းကိုသွားဖို့အတွက် အဓိကထားပါတယ်။ ဒါကြောင့်မို့လို့ ဒီပိုက်လိုင်းရဲ့အစလည်းဖြစ် သဘာဝ သယံဇာတရဲ့အရင်းအမြစ်တွေ ထွက်ရှိတဲ့နေရာက လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေနဲ့ လာတွေ့ပြီးတော့ ကျွန်တော်တို့ရဲ့ သုတေသနတွေ့ရှိချက်တွေကို အစိုးရအဖွဲ့ကို လာရောက်ရှင်းပြခြင်း ဖြစ်ပါတယ်။ ဒီပြည်နယ်မှာရှိတဲ့ မူဝါဒတွေနဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ အစိုးရအဖွဲ့ကို ကျွန်တော်တို့ရဲ့သုတေသနပြုထားတဲ့ အချက်အလက်တွေကို ပံ့ပိုးပေးနိုင်ရေးအတွက် လာရောက်ဆွေးနွေးတာပါ။” ဟု MCPWC မှ ဦးရဲသိန်းဦးက ပြောသည်။

ပိုက်လိုင်းဖြတ်သန်းသွားရာ လမ်းတောက်လျှောက်တွင် တာဝန်ယူ သွယ်တန်းခဲ့သည့် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီ၏ စည်းကမ်းချိုးဖောက်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာမြေများ၊ ဥယဉ်ခြံများ၊ သဘာဝသစ်တောများမှာ ပျက်စီးဆုံးရှုံး နေရသည့်အပြင် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းအတွင်းရှိ ရခိုင်ရိုးမပေါ်တွင် မြေဆီလွှာများ ထိန်းသိမ်းခြင်း၊ မြေလွှာရွေ့လျားမှုများ မဖြစ်စေရန်အတွက် စနစ်တကျ ထိန်းသိမ်းမှုများမရှိသည့်အတွက် ယနေ့အချိန်ထိမြေပြိုမှုများ၊ မြစ်ချောင်းပိတ်ဆို့မှုများ၊ စိုက်ပျိုးမြေ ပျက်စီးမှုများရှိနေကြောင်း ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

“ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီပိုက်လိုင်းကြီးကလည်း ၇၉၃ ကီလိုမီတာ ဖြတ်သန်းသွားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့စိုက်ပျိုးမြေတွေ အမြောက်အများက ဒီအထဲမှာ ပါဝင်သွားတယ်။ စိုက်ပျိုးမြေတွေရဲ့ အဓိကအရင်းအမြစ်ဖြစ်တဲ့ မြေဆီလွှာပျက်စီးမှု
စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်နေရတဲ့ တောင်သူတွေရဲ့ လူမှုဘဝတွေ သေကြေနေကြတာတွေရှိပါတယ်။ လယ်ယာ စီးပွားနဲ့ ပါတ်သက်တဲ့ မြေဆီလွှာ၊ ရေအရင်းအမြစ်နဲ့ ပါတ်သက်တဲ့ ပျက်စီးမှုအခြေအနေတွေဟာ ဒီနေ့အချိန်ထိပျက်စီးဆုံးရှုံးနေတာကို တာဝန်ရှိရှိနဲ့လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။” ဟု ဦးရဲသိန်းဦးက ပြောသည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ လုပ်ကိုင်စားသောက်နေကြသည့် လယ်မြေများသို့ ဆားငန်ရေများ မဝင်ရောက်နိုင်ရန်အတွက် တားဆီးကာကွယ်ထားသည့် တာတမံ (ကာရီ) များ ပျက်စီးသွားသည့် အတွက် စပါးစိုက်ပျိုး၍ မရနိုင်တော့ဘဲဖြစ်နေခြင်း၊ အမ်းမြို့နယ်အတွင်း ပိုက်လိုင်းဖြတ်သန်းမှုကြောင့် နစ်နာခဲ့ရသည့် တောင်သူများအတွက် တရုတ်ကုမ္ပဏီမှ လျော်ကြေးငွေကျပ်သိန်း ၈၀၀၀ ကျော်ပေးထားပြီးဖြစ်သော်လည်း တောင်သူများအား လျော်ကြေးငွေပေးဆောင်ရာတွင် ကျပ်သိန်း ၃၀၀၀ ခန့်ကိုသာ လက်ခံရရှိကြောင်း၊ သိန်း ၅၀၀၀ ကျော်မှာ ယနေ့အချိန်ထိ ပျောက်ဆုံးနေသေးကြောင်း တရုတ်-မြန်မာ ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ (MCPWC) ၏ လေ့လာစောင့်ကြည့်မှု မှတ်တမ်းများအရ သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top