Friday, June 17, 2016

လွန်ခဲ့သော ၂၄ နှစ်က သိမ်းဆည်းမြေများအတွက် လျော်ကြေးငွေ ပေးအပ်

ဇောင်းခ/RiA ၊ ဇွန် ၁၇ ရက်

စစ်တွေမြို့မဈေးကြီး တိုးချဲ့ရန်နှင့် ငွေနဒီတိုက်ခန်းများ တည်ဆောက်ရန် ၁၉၉၂ နှစ်က သိမ်းဆည်းခဲ့သည့် စစ်တွေမြို့ ကမ်းနားလမ်းရှိ မြေများ၏ လျော်ကြေးငွေများကို ၂၄ နှစ်အကြာ ယနေ့ ဇွန် ၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည် ပေးအပ်ခဲ့သည်။


"အခုအခါ ပြည်ထောင်စု လွှတ်တော်က လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှုကြောင့် ပြည်သူတွေ မနစ်နာရအောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကနေပြီးတော့ နစ်နာသူတွေ လျော်ကြေးငွေ ရရှိဖို့အတွက် တင်ပြတောင်းဆိုထားတဲ့ အတွက်ကြောင့် အခု နစ်နာကြေးတွေ ပေးအပ်တာဖြစ်ပါတယ်။” ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။

၁၉၉၂ ခုနှစ်က စစ်တွေမြို့ မိဇံရပ်ကွက် ကမ်းနားလမ်းရှိ မြေအကွက် ၃၆ ကွက်ကို မြို့တော် သာယာလှပရေးနှင့် ၁၉၉၆ ခုနှစ်တွင် ကျေးပင်ကြီးရပ်ကွက်မှ မြေအကွက် ၃၈ ကွက်တို့ကို  စစ်တွေမြို့မဈေး နှစ်ထပ်တိုးချဲ့ တည်ဆောက်ရန်အတွက် လူနေအိမ်များကို ဖယ်ရှား စေခဲ့ပြီး လျော်ကြေးငွေများ မပေးအပ်ခဲ့ကြောင်း သိမ်းဆည်းခံ လယ်ယာမြေ၊ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီသို့ ၂၀၁၃ ခုနှစ် အစီရင်ခံစာအရ သိရသည်။

"၂၀၁၅ ခုနှစ်မှာ ပြည်ထောင်စု လွှတ်တော် သိမ်းဆည်းခံ မြေယာများ စုံစမ်းစစ်ဆေးရေး ကော်မရှင်က လာစစ်ပြီးတော့ တစ်စတုရန်းပေကို ၁၆၀၀၀ ကျပ်ပေးမယ် ဆိုပြီးပြောတယ်။ လက်မခံဘူး။ ကာလပေါက်ဈေး အတိုင်း တောင်းတော့ ဒီလောက်များတဲ့ ငွေကြေးကို ပြည်ထောင်စု ဘတ်ဂျက်က လျော်မပေးနိုင်လို့ ပြောပါတယ်။ သူတို့က သိန်းနှစ်ထောင် ပေးတယ်။ နောက်ပိုင်းမှာတော့ အိမ်ရာပါ တစ်ကွက်စီ ချပေးဖို့ သဘောတူခဲ့ပါတယ်။ ကာလပေါက်ဈေး အတိုင်းဆိုရင် ကျွန်တော် တစ်ဦးတည်း ပိုင်မြေဟာ သိန်းခြောက်ထောင်လောက် တန်ဖိုးရှိပါတယ်။”  မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမောင်လှကျော်က ပြောသည်။

သိမ်းဆည်းခံ မြေများဖြစ်သည့် မိဇံရပ်ကွက်မှ မြေပိုင်ရှင် ငါးဦးတို့အား ယခု လျော်ကြေးငွေများ ပေးအပ်ရာတွင် မြေဧက သုည ဒသမ ၄၈၂ အတွက် ငွေကျပ် ၂၉၃.၉၄ သန်းနှင့် ကျေးပင်ရပ်ကွက်မှ မြေပိုင်ရှင် ၁၅ ဦးတို့ ပိုင်ဆိုင်သော မြေဧက  သုညဒသမ ၃၂၃ အတွက် ၇၀၈.၇၁ သန်းဖြစ်ပြီး လျော်ပေးငွေ စုစုပေါင်းမှာ ၁၀၀၂.၆၅ သန်း ပေးအပ်သွားမည်ဖြစ်သော်လည်း ယင်းမြေပိုင်ရှင်များအား လျော်ကြေးငွေ၏ ၂၅ ရာခိုင်နှုန်းကိုသာ ပထမ အသုတ်အဖြစ် ပေးအပ်ခြင်းဖြစ်ကြောင်း၊ မြေနေရာ တစ်ကွက်စီကိုလည်း မရရှိကြသေးကြောင်း သိမ်းဆည်းခံ မြေပိုင်များက ပြောသည်။

ယခု ရရှိသော လျော်ကြေးငွေမှာ ကာလတန်ဖိုး၏ ထက်ဝက်ခန့်သာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် သိမ်းဆည်းခံ မြေယာများနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်း အတည်ပြုလိုက်သည့် မြေယာဥပဒေတွင် သိမ်းဆည်းထားသည့် မြေများအား မြေရှင်များ နစ်နာမှုမရှိစေရန် လျော်ကြေးငွေကို ကာလတန်ဖိုးထက် မနည်းသော လျော်ကြေးငွေများကို ပေးဆောင်ရမည်ဟု ပြဌာန်းထားသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top