Tuesday, April 26, 2016

ရခိုင်တွင် ရာသီဥတုပူပြင်းမှုကြောင့် နွားကောင်ရေ ၃၀ ကျော် သေဆုံး

ကိုဇိုင်း/RiA ၊ ဧပြီ ၂၆ ရက်

ရခိုင်ပြည်နယ်တွင် ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် ယခု ဧပြီလအတွင်း နွားကောင်ရေ ၃၃ ကောင်ထိ သေဆုံးခဲ့ကြောင်း သိရသည်။


သေဆုံးခဲ့သည့် နွားများမှာ ကျောက်ဖြူမြို့နယ်၊ သဲချောင်းကျေရွာအုပ်စု ကာပီချောင်းကျေးရွာမှ ၂၈ ကောင်၊ သဲချောင်းကျေးရွာမှ ၅ ကောင်တို့ဖြစ်ပြီး ၎င်းတို့မှာ ပူပြင်းသည့် ရာသီဥတုဒဏ်ကြောင့် BQ-BLACK Quarter ခေါ် ခြေပုပ်လက်ပုပ် ဖြစ်စေသည့် ဗိုင်းရပ်စ် ပိုးကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ကျောက်ဖြူမြို့နယ် တိ/မွေးကု ဦးစီးအရာရှိ ဒေါက်တာ ကျော်နိုင်ဦးက ပြောကြားခဲ့သည်။

“နွားတွေကို လယ်ကွင်းပြင်တွေမှာ ဒီအတိုင်း အကြာကြီး ပစ်ထားပြီး၊ ရောဂါဖြစ်တဲ့ ကောင်တွေနဲ့ရေတွေ အတူသောက်၊ သေဆုံးတဲ့ ကောင်တွေကို မြေမြုပ် မသဂြိုလ်ဘဲ ဒီအတိုင်းထားရာမှာ  ကူးစက်မှု ပိုမိုပျံ့နှံ့သွားတာပါ။ ပြီးရင် သေဆုံးတဲ့ နွားတွေကို လူတွေက စားကြတယ်။ စားလို့ မရဘူး ဆိုပြီးတော့လည်း သတိပေးမှုတွေ ပြုလုပ်ထားပါတယ်။ ပထမ စပြီး သေဆုံးကတည်းကနေ လာပြီး အကြောင်းကြားခဲ့ရင် ဒီလောက်တော့ မသေဆုံးပါ။ ခုက သာမန် သေဆုံးမှုပဲ ထင်နေခဲ့ကြတာပေါ့။ အခုတော့ ကာကွယ် မှုတွေလည်း ပြုလုပ်ထားပြီးပါပြီ"

ယခုအခါ သဲချောင်းကျေးရွာအုပ်စုနှင့် အနီးတ၀ိုက်ဒေသများတွင် သေဆုံးမှုကူးစက်မှုများ ဆက်လက်မဖြစ်ပွားစေရန်အတွက် မြို့နယ်တိ/မွေးကု၏ အစီစဉ်နှင့် ကာကွယ်ဆေးထိုးပေးထားပြီး ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top