မင်းမျိုးနွယ်/RiA ၊ ဧပြီ ၂၄ ရက်
ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန် SEZ စီမံကိန်းမှာ ပွင့်လင်းမြင်သာမှု မရှိဟု ယူဆချက်နှင့် မြေကွက် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများမှာ ရပ်ဆိုင်းသွားကြောင်း သိရသည်။
“SEZ လုပ်ဖို့အတွက် စပြီးသတင်းတွေထွက်ပေါ်လာတဲ့ အချိန်မှာတော့ အရောင်းအဝယ်တော့ဖြစ်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ အရောင်းအဝယ်လည်းမရှိတော့ဘူး။ အရင်ကတော့ ပင်လယ်ကမ်းစပ်တွေမှာ ဝယ်လိုက်ဝယ်ထားကြတာတွေရှိတယ်။ ကုန်းတွင်းပိုင်းမှာတော့ မရှိသေးဘူး။ SEZ နဲ့ပါတ်သက်လို့ ပွင့်လင်းမြင်သာမှုမရှိတော့ ဘယ်လိုဖြစ်လာမလဲဆိုတာကို မသိကြဘူး။ အစပိုင်းကတော့ ပူပူနွေးနွေးဆိုတော့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာလည်း သတင်းအချက်အလက်တွေမရတော့ တစ်ချို့ကလည်း မြှုပ်နှံရတာတွေ စိုးရိမ်မှုတွေရှိလာတယ်လို့ ထင်ပါတယ်။”ဟု ကျောက်ဖြူမြို့ခံ ဦးထွန်းလွင်ကပြောသည်။
ကျောက်ဖြူ SEZ မှာ ယခင်အစိုးရနှင့် တရုတ်အစိုးရတို့ နှစ်နိုင်ငံ စီးပွားရေးဇုန် အဖြစ်ပြုလုပ်ရန် သဘောတူခဲ့ကြသည့် စီမံကိန်းတစ်ခုဖြစ်သော်လည်း လက်ရှိအခြေအနေတွင် တရုတ်အစိုးရက အများဆုံး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာမည်ဖြစ်ကာ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကိုသာ အဓိကထား ပြုလုပ်လာမည့် စီးပွားရေဇုန်ဖြစ်လာနိုင်ကြောင်း ဒေသတွင်း စီးပွားရေးလုပ်ငန်း ကျွမ်းကျင်သူများက ခန့်မှန်းနေကြကြောင်းလည်း သိရသည်။
ယင်းအပြင် ရခိုင်ပြည်နယ်ရှိ စီမံကိန်းများနှင့် ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှုရှိရန်နှင့်၊ အကျိုးအမြတ်ခွဲဝေခံစားခွင့်များအတွက် ရခိုင်တပြည်နယ်လုံးဆိုင်ရာ သဘာဝသယံဇာတများအဖွဲ့က လူထုလက်မှတ်ကို ကောက်ခံနေကြကြောင်းလည်း သိရသည်။
0 comments:
Post a Comment