Monday, March 14, 2016

RiA သတင်းဌာန၏ အယ်ဒီတာချုပ်နေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းအပေါ် သဘောထားထုတ်ပြန်ချက်



ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ မတ်လ ၁၄ ရက်

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် RiA – Root Investigative Agency သတင်းဌာနသည် ပြန်ကြားရေးဝန်ကြီး ဌာန၏ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် အမှတ်စဉ် (၀၀၀၂၄) ကို တရားဝင်ရရှိထားသည့် သတင်းအေဂျင်စီလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
RiA ၏ သတင်းထုတ်လုပ်မှုနှင့် ပတ်သက်၍ တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝဖြင့် မျှတမှု၊ မှန်ကန်မှု၊ ခိုင်လုံမှု၊ တိကျမှုရှိရန် အမြဲကြိုးစား အားထုတ်ပြီး သတင်းမီဒီယာ ကျင့်ဝတ်များနှင့်အညီ သတင်းများ ရေးသားထုတ်လုပ်နေ တာ ဖြစ်ပါတယ်။

RiA ဟာ မည်သည့် နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေး အဖွဲ့အစည်း၊ ဘာသာရေး အဖွဲ့အစည်းများ၏ လက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ်တည်နေသည့် လွတ်လပ်သည့် သတင်းအေဂျင်စီ ဖြစ်ပါတယ်။
RiA သတင်းဌာန၏ Chief Editor နှင့် General Manager ဖြစ်သူ ကိုမင်းမင်း၏ မိသားစုနေအိမ်မှာ မတ်လ ၁၀ ရက်နေ့ ည (၁၁း၂၀) နာရီအချိန်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ဗုံးဆံတွေက အဆောက်အဦးနံရံတွေမှာ အနက် သုံးလက်မခန့် အပေါက်တွေ တွေ့ရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ နေအိမ်မှ မိသားစုမှာ ခရီးထွက်နေချိန်ဖြစ်သဖြင့် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ ဒီပေါက်ကွဲ မှုကို သက်ဆိုင်ရာက လာရောက်စစ်ဆေးပေမဲ့ အကြောင်းရင်းကိုရော ဘယ်သူတွေကြောင့် ဖြစ်တယ်ဆိုတာရော အတည်မပြုနိုင်သေးပါဘူး။

ဒါပေမဲ့ ပေါက်ကွဲမှုမတိုင်ခင် ရက်ပေါင်း (၂၀) ခန့်အလိုနဲ့ မပေါက်ကွဲခင်ညအထိ ဒီအဆောက်အဦးရဲ့ တည်နေရာ ဖော်ပြချက်နဲ့အတူ ဒီအဆောက်အဦးဟာ ရခိုင်ပြည်နယ်အခြေစိုက် သတင်းအေဂျင်စီ တစ်ခုဖြစ်တဲ့ RiA ရဲ့ General Manager မင်းမင်းရဲ့ နေအိမ်ဖြစ်သလို RiA ရဲ့ ရုံးခန်းဖြစ်ကြောင်း ဖေါ်ပြချက်တွေနဲ့အတူ RiA ဟာ ရခိုင်ပြည်နယ် ၀န်ကြီးချူပ် (ငြိမ်း) ဗိုလ်ချူပ် မောင်မောင်အုန်းရဲ့ တပည့်တွေဖြစ်ကြောင်း၊ အိုအိုင်စီလို အဖွဲ့ဆီက ငွေကြေးထောက်ပံ့ မှုယူကာ ရခိုင်ပြည်နယ်ကို သွေးခွဲနေတဲ့သူတွေ ဖြစ်ကြောင်း၊ အမျိုးသားသစ္စာဖောက်တွေ ဖြစ်ကြောင်း၊ AA ရဲ့ တပ်မတော်သားတွေကို အာဏာပိုင်တွေက ဖမ်းဆီးနိုင်ဖို့ သတင်းပေးနေတဲ့သူတွေဖြစ်တာကြောင့် သုတ်သင်ရှင်း လင်းရမယ်၊ မင်းမင်းနှင့် RiA ရဲ့ စီအီးအိုဖြစ်တဲ့ ကျော်စိုးဦးတို့ကို သေအောင်လုပ်နိုင်တဲ့သူကို ကျပ်ငွေ သိန်း (၂၀)၊ သိန်း (၃၀) ကို ချက်ချင်း လွှဲပေးမှာ ဖြစ်သလို၊ သတ်မယ်လို့ ကတိပေးတဲ့သူကို စရန်ငွေပေးမယ်ဆိုတဲ့ မင်းမဲ့စရိုက် ဆန်ဆန် မှုခင်းကျူးလွန်ဖို့ လူအုပ်ကို ဒေါသထွက်စေမယ့် အမုန်းစကားတွေကို အင်တာနက်၊ ဖေ့စ်ဘုတ်၊ Viber group တွေထဲမှာ လှုံ့ဆော်ခဲ့မှုတွေ ရှိခဲ့တာကို တွေ့ရပါတယ်။

ဒီလို လှုံ့ဆော်မှုတွေဟာ RiA အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံး သီတင်းပတ်မှာစတင် ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့် တပ်မတော် AA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများနှင့် နောက်ဆက်တွဲရေးသားခဲ့တဲ့ သတင်းတွေနဲ့ ရခိုင် ပြည်နယ်တောင်ပိုင်းမှာ ပါတီသစ်တစ်ရပ် ပေါ်လာမယ်ဆိုတဲ့ သတင်းများ ထုတ်လုပ်ပြီးချိန်မှာ စတင်လာခဲ့ခြင်း ဖြစ်ပါ တယ်။

ဒါ့အပြင် RiA မှ ထုတ်လုပ်သော သတင်းတွေအပေါ် သံသယ၀င်စေရန် RiA အကောင့်တုများဖြင့် လှုံ့ဆော်ရေးသားမှု တွေ ပြုလုပ်လာတာကိုလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် နှစ်ပေါင်းများစွာ ကြိုပမ်းလာကြရာမှာ ၂၀၁၀ အစိုးရသက်တမ်းမှာတော့ အထိုက်အလျောက် ဖြေလျော့မှုတွေကို မီဒီယာတွေ ရရှိခဲ့ တယ်လို့ သုံးသပ်ကြတာလည်း ရှိပါတယ်။ ဒါပေမဲ့ အင်အားကြီးသူတို့ရဲ့ အကျိုးစီးပွား ထိခိုက်စေမယ့် ကိစ္စရပ်တွေ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများမှာ သတင်းရယူနေကြရတဲ့ သတင်းထောက်တွေရဲ့ လုံခြုံမှုဟာ အကာအကွယ်မဲ့နေ ဆဲပဲ ဖြစ်တယ်လို့ RiA အနေနဲ့ မှတ်ချက်ပြုပါတယ်။

အထူးသဖြင့် ပဋိပက္ခတွေရှိနေတဲ့ တိုင်းရင်းသားပြည်နယ်တွေမှာ သတင်းထောက် အလုပ်နဲ့ သက်မွေးဝမ်းကြောင်း ပြုနေသူများဟာ ဒီကနေ့ထိ သတင်းမီဒီယာလွတ်လပ်ခွင့်ကို မျှော်မှန်းခွင့် မရနိုင်သေးသလို အသက်အန္တရာယ် လုံခြုံမှု မရှိဘူးဆိုတာကို ရခိုင်ပြည်နယ်အခြေစိုက် RiA သတင်းအေဂျင်စီ ကြုံတွေ့ရတဲ့ဖြစ်ရပ်က သက်သေခံနေပါ တယ်။

သတင်းများရေးသားရာမှ ထောက်ပြဝေဖန်သင့်သည်ကို ထောက်ပြဝေဖန်ရမှာက သတင်းသမားရဲ့ တာဝန်အတိုင်း သတင်းမီဒီယာကျင့်ဝတ်နဲ့ အညီ ဖေါ်ပြကြရတာဖြစ်ပါတယ်။ သတင်းမီဒီယာတွေဟာ လက်နက်ကိုင်ဆောင်ထား သူများ မဟုတ်ပါဘူး။ နိုင်ငံရဲ့ မဏ္ဍိုင်ကြီးသုံးရပ် တည့်မတ်လျော်ကန်ရေး အတွက် ကိုယ်တိုင်လည်း ကျင့်ဝတ်နဲ့ အညီ ရေးသားဖေါ်ပြနေကြတာဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍစုံက တက်ညီလက်ညီ ကြိုးစားပြောင်းလဲကြဖို့ လိုအပ်နေချိန်မှာ ကျွန်တော်တို့ မီဒီယာအနေနဲ့ကလည်း မီဒီယာကဏ္ဍကနေ နိုင်ငံအတွက် လုပ်ဆောင်နေကြတာ ဖြစ်တာကြောင့် အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးအနေနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်သည်အထိ လုပ်ဆောင်မှုများကို အဆုံးသတ်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

RiA - Root Investigative Agency

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top