Tuesday, February 2, 2016

စစ်တွေမြို့တည်နေ့ နှစ် ၁၉၀ ပြည့် အခမ်းအနား ပြုလုပ်မည်

စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၂ ရက်

စစ်တွေမြို့တည်နေ့ နှစ် ၁၉၀ ပြည့် အခမ်းအနားကို လာမယ့် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ကျင်းပပြုလုပ်မယ့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ကျင်းပရေးကော်မတီဝင် ဦးကျော်ဇံမောင်က RiA ကို ခုလို ပြောပါတယ်။


“ကျွန်တော်တို့ စစ်တွေမြို့ကို တည်တာ အခုဆိုရင် နှစ် ၁၉၀ ပြည့်ပါပြီ။ မြို့တည်တဲ့ အခမ်းအနားကို တစ်ခါမှ မလုပ်ဖူးဘူး။ ဒီနှစ်မှစပြီးတော့ လုပ်မှာဖြစ်ပါတယ်။ ဒီအခမ်းအနားကို ကျင်းပနိုင်ဖို့ အတွက်လည်း ကျွန်တော်တို့ သာကီမဏ္ဍိုင် ယဉ်ကျေးမှု ဖော်ထုတ်ရေး အဖွဲ့ကနေ ကမကထ ပြုလုပ်နေတာပါ။ ရည်ရွယ်ချက် ကတော့ မြို့တည်တဲ့နှစ်ကို အားလုံးသိရှိကြဖို့နဲ့ လူငယ်တွေ မျိုးဆက်သစ်တွေရဲ့ အသိဗဟု သုတတွေ မြင့်မားလာဖို့ အတွက်ဖြစ်ပါတယ်။ အခမ်းအနားမှာ ရခိုင်သမိုင်းကြောင်းဆိုင်ရာ ယဉ်ကျေးမှုတွေ၊ အနုပညာတွေကို သရုပ်ဖော်ပြသနိုင်ဖို့ အတွက်လည်း စီစဉ်ထားပါတယ်။ ပြီးတော့ ရပ်ကွက်တွေ အနေနဲ့လည်း ကိုယ့်ရပ်ကွက်မှာ ရှိတဲ့ အထင်ကရပြကွက်တွေ၊ လူပုဂ္ဂိုလ်တွေကိုလည်း လူတွေ သိအောင်ပြထားဖို့အတွက် ပြခန်းတွေကိုလည်း စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။” 

စစ်တွေမြို့ကို ၁၈၂၆ ခုနှစ် ဖေဖော်ဝါရိလ ၁၃ ရက်နေ့တွင် အင်္ဂလိပ် အရေးပိုင်မင်းနှင့် မင်းသားကြီး ရွှေဘန်း၊ ဒေးဝန်းအောင်ကျော်ရွှီ၊ မြို့သူကြီးအောင်ကျော်ဇံတို့က တည်ထောင်ခဲ့ခြင်းဖြစ်ကာ
မိဇံရပ်ကွက်မှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။

အခမ်းအနားတွင် စစ်တွေမြို့ကို စတင် တည်ထောင်စဉ်က ပထမဆုံး တည်ဆောက်ခဲ့တဲ့ မိဇံရပ်ကွက်ရှိ ကမ်းနားလမ်း တစ်လျှောက်တွင် ပြကွက်များ၊ ပန်းချီ။ ကာတွန်း၊ သမိုင်းကြောင်းဆိုင်ရာ ဟောပြောပွဲများနှင့်
ရခိုင့်ယဉ်ကျေးမှုဆိုင်ရာ အနုပညာတီးဝိုင်းများနှင့် စည်ကားစွာ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

စစ်တွေမြို့တည်နေ့ အခမ်းအနားကို ယခင်က ကျင်းပခြင်း မရှိဘဲ ယခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ကနေ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ထိ  ၃ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top