Thursday, January 21, 2016

ရခိုင်အမျိုးသားပါတီနှင့် ရခိုင်လူထု ဆန္ဒမပါဘဲ ပြည်နယ်အစိုးရ ဖွဲ့စည်းလျှင် NLD အနေနှင့် အခက်ကြုံနိုင်ဟု ဦးမောင်မောင်အုန်း ပြောကြား

ရန်ကုန်/RiA ၊ ဇန်န၀ါရီ ၂၁ ရက်

ရခိုင်အမျိုးသားပါတီနှင့် ရခိုင်လူထုဆန္ဒမပါဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဗဟိုညွှန်ကြားချက်တစ်ခုတည်းနဲ့ ဦးဆောင် ဖွဲ့စည်းခဲ့မယ်ဆိုရင် အခြေအနေများ ပိုမို ရှုပ်ထွေးလာနိုင်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချူပ် (ငြိမ်း) ၊ အမ်းမဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက ပြောကြားလိုက်ပါတယ်။


" ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကလည်း တကယ့်ကို ကမ္ဘာမှာ အရေးပါတဲ့ ကိစ္စရပ်တွေ ဖြစ်နေတယ်။ ဒီတော့ ANP နဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒမပါဘဲ လုပ်မယ်ဆိုရင်
ကျနော် ထင်တယ်။ အခက်အခဲရှိနိုင်ပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ခွင့်ပြုလိုက်ပြန်ရင်လည်း တကယ်ပဲ ဟိုဘက်က တာဝန်ထမ်းဆောင်တဲ့အခါ ပေါင်းစပ်ညှိနှိုင်းမှုတွေ အားနည်းမယ်ဆိုရင်လည်း ပြည်သူတွေပဲ နစ်နာမှာပါ။ ဒီတော့ ကျနော့် အမြင် ပြောရရင်တော့ ရခိုင်တိုင်းရင်းသားများရဲ့ ဆန္ဒကိုလည်း အလေးထားသင့်ပါတယ်။ ANP ရဲ့ တောင်းဆိုမှုကိုလည်း နားလည် ပူးပေါင်းစေလိုပါတယ်။ ဒါမှပဲ ကျနော် ထင်ပါတယ်။ Win-Win Situation ပေါ့။ အားလုံးအဆင်ပြေမယ့် အခြေအနေပေါ့ လို့ပဲ ပြောပါရစေ"

အဆိုပါ ပြောကြားမှုကို "ရခိုင်ပြည်နယ် ၀န်ကြီးချူပ်သစ် ဘယ်ပါတီက ဖြစ်သင့်သလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ RFA မြန်မာပိုင်းဌာနမှ မသင်းသီရိနဲ့ ဦးမောင်မောင်အုန်း ဆက်သွယ်မေးမြန်းချက်ထဲမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်အမျိုးသားပါတီရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီးတော့လည်း NLD အစိုးရသစ်အပေါ် ဖိအားပေးနေတယ်လို့ ဝေဖန်နေကြခြင်းအပေါ် ဦးမောင်မောင်အုန်းက "ပူးပေါင်းဆောင်ရွက်မှု မရှိသေးလို့ ANP အနေနဲ့ တွန်းအားပေးတဲ့ သဘောမျိုးလို့ ကျနော် ထင်ပါတယ်။ ပူးပေါင်းဆောင်ရွက် လာပြီ၊ ပေါင်းစပ်ညှိနှိုင်းလာပြီ ဆိုတဲ့အခါ အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ ကျနော် လွှတ်တော် တက်တဲ့အချိန်ရောက်ရင် အားလုံး အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။
လာမယ့် ခေါင်းဆောင်တွေကိုလည်း ကျနော် ဒီလိုပဲ အကြံပြုမှာပါ။ NLD အနေနဲ့ ANP နဲ့ ပူးပေါင်းဆောင်ရွက်ရင် ပိုပြီးကောင်းမယ်လို့ ကျနော် ထင်ပါတယ်။ ဒီလိုပဲ အကြံပြုပါရစေ။" လို့ ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top