![]() |
အမ်း/RiA ၊ ဇန်န၀ါရီ ၂၁ ရက်
ရခိုင်ပြည်နယ် နယ်စပ် မြို့နယ်များဖြစ်ကြတဲ့ အမ်း၊ တောင်ကုတ်၊ မောင်တော ၊ ကျောက်တော် စတဲ့ ဒေသတွေမှာ လုံခြုံရေးတွေကို တိုးချဲ့ ချထားလိုက်ပြီး အ၀င်/အထွက်များကို တင်းကျပ်စွာ စစ်ဆေးနေကြောင်း သိရပါတယ်။
“ ကျောက်တော်ကနေ အထက်ပိုင်းကို တက်တဲ့ စက်လှေတွေ၊ မော်တော်တွေကို စစ်ဆေးနေပါတယ်။ စစ်ဆေးတဲ့နေရာတွေတော့ တော်တော်များများရှိနေပါတယ်။ အမှန်တကယ် စစ်ဆေးတာက မီးဝအထက်မှာရှိနေတဲ့ ရေတပ်မှာပါ။ ယောင်္ကျားတွေကိုဆိုရင် တစ်ယာက်မကျန် ရေယဉ်ပေါ်ကို တက်ခိုင်းပြီးတော့ မေးမြန်းစစ်ဆေးပါတယ်။ မှတ်ပုံတင်တွေ စစ်ပါတယ်။ သူတို့ မသင်္ကာတဲ့ လူကို ပြန်မလွှတ်ဘူး။ ခေါ်ထားလိုက်တယ်။ ကျွန်တော်တို့ စက်လှေမှာပါတဲ့ နှစ်ယောက် သုံးယောက်လောက်ကို ခေါ်ထားလိုက်ပါတယ်။ အဓိက စစ်ဆေးတာက ကျောက်တော်အောက်ဘက်က လာတဲ့ တခြားမြို့နယ်က ဆိုရင် ပိုပြီးတော့မေးပါတယ်။” လို့ ကျောက်တော် - ပလက်ဝ ခရီးသည်တစ်ဦးဖြစ်သူ ကိုယ်တိုင် ကြုံတွေ့ခဲ့သူ ဦးမင်းခိုင်က RiA ကို ပြောပါတယ်။
“ အရင်တုန်းကလိုမျိုး မှတ်ပုံတင် စစ်ရုံ မဟုတ်တော့ဘူး။ ခရီးဆောင်အိတ်တွေ၊ ကုန်ပစ္စည်းတွေကို တစ်ခုချင်း ရှာဖွေ စစ်ဆေးပါတယ်။ ဂိတ်တစ်ခုပြီး တစ်ခု အဲလိုမျိုး အစစ်ခံနေရတာပါ။” လို့ ရန်ကုန် - စစ်တွေ ခရီးသွား တစ်ဦးဖြစ်သူ မခင်နှင်းနွယ်က RiA ကို ပြောပါတယ်။
ယခုလိုမျိုး စစ်ဆေးခြင်းတွေနဲ့ ပတ်သက်ပြီး အမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးမှ အမည်မဖော်လိုတဲ့ အဆင့်မြင့် အရာရှိတစ်ဦးက “ အထက်က ကျနော်တို့ကို အရမ်းဖိအားပေးထားပါတယ်။ စစ်ဆေးရေးတွေ လုံးဝ သတိရှိနေဖို့ပေါ့။ ရှာတာကတော့ ဟုတ်ကဲ့ မူးယစ်ဆေးဝါး၊ လက်နက်၊ ပြီးတော့ တရားခံပြေးနဲ့ မသင်္ကာစရာနှင့် တရားမ၀င်တွေကို ကျနော် တို့ ရှာဖွေတာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် ကျောက်တော်နှင့် ပလက်ဝ ကြား ကျောက်တော်တပ်မ အနောက်ဘက် ကုလားတန် မြစ်ကြောင်းထဲတွင် အမြဲတမ်း ရေတပ်တစ်ခု ချထားခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားပြီးနောက်ပိုင်း ကုလားတန်မြစ် အထက်ပိုင်းများတွင်လည်း ၂ နေရာထိ တိုးချဲ့ကာ ခရီးသည်တွေကို တင်းကျပ်စွာ စစ်ဆေးနေကြောင်း သိရပါတယ်။
“ ကျောက်တော်နဲ့ ပလက်ဝအကြားမှာ စစ်ဆေးနေတာတွေ ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်တို့လည်း တွေ့ပါတယ်။ အတက်အဆင်း လုပ်တဲ့ လှေတွေ ဘာတွေ တစ်ခုမကျန် စစ်ဆေးတယ်လို့ ပြောပါတယ်။ ဖမ်းဆီးထားတာတွေတော့ မကြားမိဘူး။ ပလက်ဝကို မရောက်ခင် မီးဝနားမှာ ရေတပ်က စစ်ဆေးနေတာပါ။ အဲဒီနေဗီဟာ ဒီနေရာမှာ အရင်က မရှိဘူး။ အခုတိုက်ပွဲတွေဖြစ်ပြီးတဲ့ နောက်မှ ရောက်လာတာပါ။” လို့ ကျောက်တော်မြို့နယ် ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးမောင်ထွန်းဝင်းက ပြောကြားခဲ့ပါတယ်။
ရခိုင်နယ်စပ် မြို့နယ်များရဲ့ ၀င်/ထွက် ပေါက်တွေမှာ ခုလို လုံခြုံရေး တိုးမြင့်ချထားခြင်းနဲ့ တင်းကျပ်စွာ စစ်ဆေးမှုတွေကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့ကတည်းက ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
0 comments:
Post a Comment