ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက်
မောင်တောမြို့နယ်မှာ ဧပြီလနဲ့ အောက်တိုဘာလအတွင်း ကလေးငယ် နှစ်ဦးထံမှ အသွင်ပြောင်း ပိုလီယိုပိုး ဗိုင်းရစ်ကို တွေ့ရှိခဲ့ ပါတယ်။
ပိုလီယိုပိုး ဗိုင်းရစ်ဟာ ကာကွယ်ဆေးကနေ အသွင်ပြောင်းသွားတာဖြစ်ပြီး ကလေးငယ်များအား အကြောသေစေ တတ်တယ်လို့ ဆေးပညာရပ်တွေက ဆိုပါတယ်။ အသွင်းပြောင်းပိုလီယို ဗိုင်းရစ် ရောဂါပိုးကူးစက်ခံရတဲ့ ကလေးငယ်ကို တွေ့ရှိပြီဆိုရင် အဲဒီ ပါတ်ဝန်းကျင် အနားမှာရှိတဲ့ ကလေးဦးရေ ၂၀၀ ခန့် မှ ၁၀၀၀ အထိကို ပိုလီယို ရောဂါမပြဘဲ ကူးစက်ခံရတတ်တယ်လို့ သိရ ပါတယ်။
ဒီလိုအခြေနေမျိုးတွေကြောင့် ရခိုင်ဒေသအပါအဝင်၊ ချင်းပြည်နယ်၊ ဧရာဝတီ၊ မကွေးတိုင်း၊ ပဲခူးတိုင်းစတဲ့ ဒေသတွေမှာ ကလေးငယ် သုံးသိန်းခြောက်သောင်းအား အထူးအရေးပေါ်အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက ဆိုပါတယ်။
အဲဒီအထဲမှာ ရခိုင်ပြည်နယ်ဟာ အများဆုံးဖြစ်ပြီး မောင်တောမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်ကမြို့နယ် ၁၀ မြို့နယ်မှာ ကလေးငယ်တွေကို လာမယ့် ဒီဇင်ဘာလက စတင်ပြီး အိမ်တိုင်ရာရောက် ကာကွယ် ဆေးတိုက်ကျွေးသွားမယ်လို့ သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။
‘‘မြန်မာနိုင်ငံက အရိုင်းပိုး လုံးဝပပျောက်ပြီးတဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့် အခုလို အသွင်ပြောင်းပိုးတွေ့ရှိခြင်းကို အထူးတလည် အရေးယူပြီးတော့ အထူးအစီအစဉ် အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အမြန်ဆုံးဆောင်ရွက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ပိုက် စိပ်တိုက်ပြီးတော့ ကောက်သင်းကောက်တဲ့နည်းနဲ့ အိမ်တိုင်ရာ ရောက်ကာကွယ်ဆေးတိုက်ကျွေးသွားမှာပါ။” လို့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ 7 Day News က တဆင့် ပြောကြားခဲ့ပါတယ်။
အဲဒီ အစီအစဉ်ကို နိုင်ငံတော်အစိုးရနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကာကွယ်ဆေးတန်ဖိုးမှာ ကလေးငယ်တစ်ဦးလျှင် ကန်ဒေါ်လာ တစ်ဒေါ်လာခန့် သုံးစွဲမည်ဖြစ်ပြီး အဆိုပါ ကလေးငယ် သုံးသိန်းခြောက်သောင်းအတွက် ဘတ်ဂျက်ငွေ စုစုပေါင်း ကန်ဒေါ်လာ သုံးသိန်းခြောက်သောင်း သုံးစွဲသွားမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
0 comments:
Post a Comment