Wednesday, November 18, 2015

၁၃ နှစ်သမီးကို ပထွေးက မုဒိန်းပြုကျင့်ရန် ကြံစည်

ကောလင်း၊ နိုဝင်ဘာ ၁၇ ရက်

စစ်ကိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကျောက်ပြင်သာ ကျေးရွာတွင် ယခုလ အသက် ၁၃ နှစ်အရွယ် ကျောင်းသူငယ်တစ်ဦးအား ပထွေးဖြစ်သူမှာ အကြိမ်ကြိမ် မဖွယ်မရာပြုလုပ်ပြီး မုဒိန်းပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သိရသည်။
 အမှုဖြစ်စဉ်မှာ ကြံစည်ခံရသူ မ ×××× ၁၃ နှစ်အရွယ်မှာ ဆော့ကစားရန် အတွက် အိပ်ခန်းအတွင်း လေတံခွန် ရှာဖွေနေစဉ် ပထွေးဖြစ်သူ ဦးမိုးအောင် ၃၂ နှစ်မှ လေတံခွန် ကူရှာပေးသယောင်နှင့် ပါးနမ်းခြင်း၊ အမျိုးသမီး၏ ရင်သားများကို ကိုင်တွယ်ခြင်းများ ပြုလုပ်ခဲ့ပြီး မိန်းမအင်္ဂါများကို ကိုင်တွယ်ခြင်းပြုလုပ်ကာ သွေးဆောင်ဖြားယောင်ခဲ့ခြင်း ဇနီးဖြစ်သူနှင့် အဘွားဖြစ်သူ မရှိချိန်တွင် ပြုလုပ်ခဲ့ကြောင်းကို သမီးငယ်က ပြန်လည် ပြောပြသဖြင့် ကောလင်းမြို့မရဲစခန်းမှ (ပ) ၃၆၇/၂၀၁၅ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း စစ်ကိုင်းတိုင်းဒေသ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 နိုဝင်ဘာ ၁၅ ရက် တစ်နေ့တည်းတွင် ကောလင်းမြို့နယ်တွင် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိန်းပြုကျင့်ရန် ကြံစည်ခြင်းခံခဲ့ရပြီး စစ်တွေမြို့နယ်တွင် ၄ နှစ်ခွဲကျော်မျှအရွယ်
မိန်းကလေးငယ် တစ်ဦး မုဒိန်းပြုကျင့်ခံခဲ့ရကြောင်း သိရသည်။

ယင်းမတိုင်မီ အောက်တိုဘာလအတွင်းက စစ်တွေမြို့၊ ဓည၀တီရပ်ကွက်တွင် အသက် ၈ နှစ်အရွယ် ကျောင်းသူငယ်တစ်ဦးဖြစ်သူ မဌေးဌေးဇံမှ မုဒိန်းပြုကျင့်ခံခဲ့ရပြီး အဆိုပါ ဝေဒနာနှင့် သေဆုံးခဲ့ရသည်။

၂၀ဝ၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဇူလိုင်လကုန် အထိ မုဒိမ်းမှုပေါင်း ၅၈၂၈ မှု ဖြစ်ပွားခဲ့သည်ဟု နေပြည်တော် ရဲတပ်ဖွဲ့က ပြောဆိုကြောင်း RiA သတင်းရင်းမြစ်များက ဆိုသည်။

 မြန်မာ တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ၂၀၁၀ ပြည့်နှစ်တွင် မုဒိမ်းမှု ၃၃၇ မှု၊ ၂၀၁၁ ခုနှစ်တွင် ၆၀၅ မှု၊ ၂၀၁၂ ခုနှစ်တွင် ၆၅၄ မှု၊ ၂၀၁၃ ခုနှစ်တွင် ၇၃၄ မှုနှင့် ၂၀၁၄ ခုနှစ် ဇူလိုင်လကုန်အထိ အမှု ၄၇၀ ဖြစ်ပွားခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီးက ဖြစ်ပွားမှု အများဆုံး ကို တွေ့ရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် ၂ နှစ်အတွင်း မုဒိမ်းမှု ၂၈၇ မှု ဖြစ်ပွားခဲ့ပြီး မိသားစုဝင်အချင်းချင်း ကျူးလွန်သည့် အမှုများလည်း ပါဝင်နေသည့်အတွက် တရားစီရင်ရေး အပိုင်းက ယင်းပြစ်မှုမျိုး ဖြစ်ပွားလာပါက ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ် သင့်သည်ဟု အာဏာပိုင်တချို့က အကြံပြု ပြောဆိုထားသည်။

မြန်မာ နိုင်ငံတွင် အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်ပြီး ထိရောက်သည့် ဥပဒေနှင့် အရေးယူသော တရားစီရင်ရေးစနစ် အားနည်းနေသေးသည်ကို တွေ့မြင်ရဆဲ ဖြစ်သည်။

အဓမ္မပြုကျင့်မှု ကျူးလွန်ပါက ဥပဒေအရ တရားခံကို ပုဒ်မ ၃၇၆ နှင့်အရေးယူရမည် ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ် (သို့) ထောင်ဒဏ် တသက်တကျွန်း ကျခံရမည်ဟု ပြဌာန်းထားသော်လည်း လက်ရှိတွင် တရားခံများကို ပြစ်ဒဏ် အနည်းငယ်သာ ချမှတ်သကဲ့သို့ တချို့အမှုများ ပပျောက်သွားသည်လည်း ရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုကြသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top