စစ်တွေ၊ အောက်တိုဘာ ၇ ရက်
စစ်တွေ မင်းဇာနည် အအေးခန်းမှာ တနေ့လုပ်အားခ ကျပ် ၃၆၀၀ နဲ့ အခြား အထွေထွေအကျိုးခံစားမှုတွေ ဆက်လက် ခံစားခွင့်ရရှိရေး တောင်းဆို ဆန္ဒပြနေတာဟာ ဒီကနေ့မှာဆိုရင် ၆ ရက်မြောက်နေ့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
တောင်းဆိုသူ အလုပ်သမားတွေနဲ့ စစ်တွေ မင်းဇာနည်ကုမ္ပဏီ တာဝန်ခံများကြား
ညှိနှိုင်းမှုဟာ ယနေ့တိုင် ပြေလည်မှု မရသေးတာကြောင့် ကုမ္ပဏီပိုင်ရှင် ဖြစ်သူ
ဦးညိုမင်းဟာ သူ့ရဲ့ တိုက်ရိုက် ကိုယ်စားလှယ် တစ်ဦးကို ဒီနေ့မှာ စစ်တွေကို
စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ကိုယ်စားလှယ်မှာ ပိုင်ရှင်ဖြစ်သူ ဦးညိုမင်းရဲ့ သားတစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။
ဆန္ဒပြ အလုပ်သမားတွေဘက်က ကိုယ်စားလှယ် ၁၀ ဦးနဲ့ ကုမ္ပဏီပိုင်ရှင် သားဖြစ်သူတို့ဟာ ဒီတွေ့ဆုံညှိနှိုင်းမှုကနေ နှစ်ဘက်စလုံးအတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ မျှော်လင့်နေကြကြောင်း ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ကိုကျော်ဇော်လှက ပြောပါတယ်။
"ပိုင်ရှင်သားဆိုတော့ ဆုံးဖြတ်ချက်ကို ချနိုင်သူဖြစ်တဲ့အတွက် ရလဒ်ကောင်းမျှော်လင့်ပါတယ်။ ဒီလိုမှ မဟုတ်ခဲ့ရင် ကျနော်တို့ရဲ့ တောင်းဆိုမှုကို နောက်တဆင့်အရှိန်မြင့်သွားမှာပါ"
မူလခံစားခွင့် လစာ ၈၀၀၀၀ ကျပ်နဲ့ ဖယ်ရီအကြိုအပို့ကို အလုပ်သမားများဘက်က ခံစားခွင့်ရှိခဲ့ပေမယ့် တနေ့လုပ်ခ ကျပ် ၃၆၀၀ ပေးရင် ဖယ်ရီကြိုပို့ကို ရပ်ဆိုင်းမှာဖြစ်ကြောင်း ကုမ္ပဏီဘက်က စတင်ကမ်းလှမ်းရာကနေ အခုလို ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတာပါ။
အလုပ်သမားတွေဘက်ကတော့ တနေ့လုပ်ခ ကျပ် ၃၆၀၀ နဲ့အတူ ယခင် ခံစားခွင့် ဖယ်ရီကြိုပို့ကိုပါ ကုမ္ပဏီဘက်က တာဝန်ယူမှုကို လိုလားနေကြပါတယ်။

0 comments:
Post a Comment