Tuesday, October 25, 2016

မောင်တောအကြမ်းဖက်ခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း

မင်းမျိုးနွယ်/RiA

စစ်တွေ၊ အောက်တိုဘာ ၂၅ ရက်။ မောင်တောအကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပါတီစုံမှ ရွေးကောက်ခံ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော် အကြံပေးအဖွဲ့ဝင် ၁၁ ဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့သည်။


ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့မှ စတင်ကာ မောင်တောခရိုင်ရှိ မြို့နယ်များနှင့် ကျေးရွာများသို့ ကွင်းဆင်း လေ့လာမှုများ ဆောင်ရွက်မည်ဖြစ်ကာ တွေ့ရှိချက်များကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပြည်နယ် လွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။

“ လောလောဆယ် လွှတ်တော်တွင်းက ကောက်ခံရရှိတဲ့အလှူငွေ ကျပ်သိန်း ၅၀ ခန့်ကို ကျနော်တို့ နေရပ်စွန့်ခွာသူတွေကို လှူဒါန်းနေပါတယ်။” ဟု ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ပြောသည်။

အကြမ်းဖက်မှုများကြောင့် မောင်တောဒေသမှ နေရပ်စွန့်ခွာသူ ရခိုင်တိုင်းရင်းသားများ ၃၀၀၀ နှင့် အထက်ရှိနေပြီး စစ်တွေ၊ ဘူးသီးတောင်မြို့နယ်များတွင် ခိုလှုံလျက်ရှိကာ အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများက ကူညီထောက်ပံ့မှုများ ပြုလုပ်လျက်ရှိသည်။

အောက်တိုဘာ ၂၄ ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂ UN မှ သတင်းထုတ်ပြန်ချက် အရ မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် မူဆလင် ၁၅၀၀၀ ဦးရေနှင့် အထက်မှာ နေရပ်စွန့်ခွာနေကြရပြီး ၎င်းတို့မှာ အကူအညီထောက်ပံ့မှုများ မရရှိသေးကြောင်း သိရသည်။

“ ဒီနေ့ကျွန်တော်တို့ မြင်တွေ့နေရတဲ့ တိုင်းရင်းသားတွေရဲ့ အခြေအနေကတော့ ပြောမယ်ဆိုရင် အများကြီးပါ။ မလွတ် မကင်းတာတွေရော အားလုံးပါတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းလိုက်တဲ့ ကောမရှင်ကတော့ ဘာတွေ လုပ်မယ်ဆိုတာကို ကျွန်တော်က အဖွဲ့ခေါင်းဆောင် မဟုတ်ဘူး။ အကြမ်းအားဖြင့်တော့ အဖွဲ့က လေ့လာမယ်။ အဲဒီက တွေ့ရှိချက်တွေအပေါ်မှာ မူတည်ပြီးတော့ ဘာတွေလုပ်ရမလဲ။ လွှတ်တော်အနေနဲ့ ဘာပြောသင့်လဲ။ ဒါတွေပေါ့။ ဒီကိစ္စက စစ်တပ်ရော လွှတ်တော်ရော၊ အစိုးရအဖွဲ့ရော ဒါကိုအမျိုးသားရေးကိစ္စ တစ်ရပ်အနေနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။” ဟု ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ပြောသည်။

ကော်မရှင်အနေနှင့် အကြမ်းဖက်မှု နောက်ခံအကြောင်းအရင်း၊ မြို့ရွာဖွဲ့စည်းမှု အနေအထားများနှင့် မူဆလင်များနေထိုင်ရာ ကျေးရွာများတွင် အချူပ်အခြာအာဏာ သက်ရောက်နိုင်စေရန် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို သုံးသပ်အဖြေရှာသွားမည် ဖြစ်သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top