Friday, October 7, 2016

ရခိုင့်သယံဇာတ ရခိုင်သားတို့ ပိုင်ဆိုင်ခွင့်အတွက် မိုင် ၃၀၀ ကျော် လမ်းလျှောက် ချီတက်မည်


မင်းမျိုးနွယ်/RiA

စစ်တွေ၊ အောက်တိုဘာ ၇ ရက်။ ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ရွှေသဘာဝ ဓာတ်ငွေ့နှင့် အခြား သယံဇာတများ အပါအ၀င် မြေယာပိုင်ဆိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များ ရရှိရေးအတွက် မိုင်ပေါင်း ၃၀၀ ကျော် ကို လမ်းလျှောက်ချီတက်ပြီး ခရီးစဉ်အတွင်း ဟောပြောပွဲများ ပြုလုပ် သွားမည် ဖြစ်သည်။


“ ကျွန်မတို့ ရခိုင့်သယံဇာတနဲ့ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်နေပြီးတော့ ပြီးခဲ့တဲ့လ ၁၂ ရက်နေ့က ရန်ကုန်မှာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ရှင်းလင်းပွဲကတော့ ရခိုင်ပြည်နယ် တစ်ခုလုံးက သဘာဝသယံဇာတ ခွဲဝေ သုံးစွဲရေးအတွက် လက်မှတ် ကောက်ခံတဲ့ ကိစ္စပါ။ အဲဒီ နောက်ဆက်တွဲဖြစ်တဲ့ လမ်းလျှောက်ချီတက်ပွဲတစ်ခုကို လုပ်မယ် ဆိုပြီးတော့ ရခိုင်ပြည်နယ်တစ်ခုလုံးက ပါဝင်တဲ့ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီး ဒီကနေ့မှာ ဆုံးဖြတ်ခဲ့တာပါ။” ဟု ကွန်ရက် အဖွဲ့၏ ဒါရိုက်တာအဖွဲ့ဝင် ဒေါ်ညိုအေးက ပြောသည်။

ချီတက် လမ်းလျှောက်မှုကို ပြုလုပ်နေစဉ်တွင် လမ်းတစ်လျှောက်ရှိ ကျေးရွာ များ၊ မြို့များတွင် ပြည်သူများအား သယံဇာတ အကြောင်းအရာများကို နားလည် သဘောပေါက်စေရန်နှင့် ချီတက် လမ်းလျှောက်ရခြင်း၏ ရည်ရွယ်များကို သိရှိစေရန် အတွက်လည်း ဟောပြောပွဲများကိုပါ ပြုလုပ်သွားမည်ဖြစ်သည်။
အချိန်အားဖြင့် ၁၃ ရက်ခန့်ကြာမြင့်မည့် စစ်တွေမှ ကျောက်ဖြူသို့ ချီတက်ရာ လမ်းတလျှောက်မှ ကျေးရွာ၊ မြို့နယ်များရှိ ဒေသခံများပါ လိုက်ပါနိုင်ရန် လည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေါ်ညိုအေးက ပြောသည်။

“ အခု အရပ်ဖက် အစိုးရတက်လာပြီးတဲ့ နောက်မှာ ဒီသယံဇာတတွေနဲ့ ပါတ်သက်ပြီးတော့ ချထားတဲ့မူတွေကို မသိရသေးဘူး။ ဒါကြောင့် လွှတ်တော်ထဲမှာရော ပြည်သူလူထုကိုရော အရပ်ဖက် အစိုးရကနေပြီးတော့ သယံဇာတတွေကို တစ်နိုင်ငံလုံး အတိုင်းအတာအရ သူ့ပြည်နယ်နဲ့သူ ခွဲဝေသုံးစွဲနိုင်ဖို့အတွက် ဥပဒေတစ်ရပ် ရေးဆွဲနိုင်အောင်အတွက် တိုက်တွန်းချက် တစ်ခုအနေနဲ့ ဖြစ်လိမ့်မယ်လို့လည်း ရည်ရွယ်ပါတယ်။”

လမ်းလျှောက်ချီတက်ပွဲကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ လူမှုအဖွဲ့အစည်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ၊ မြေယာအရေး လှုပ်ရှား သူတို့ ပါဝင်မည်ဖြစ်ကာ ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကွန်ရက်မှ ဦးဆောင်ပြုလုပ် သွားမည် ဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၇ ရက်နေ့က စစ်တွေမြို့နယ်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
---
သတင်းဓာတ်ပုံ - ANREN

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top