ညီညီ/RiA
ရန်ကုန်၊ စက်တင်ဘာ ၇ ရက်။ စက်တင်ဘာ ၉ ရက်နေ့တွင် ကျရောက်မည့် ၇၇ နှစ်မြောက် "မြန်မာ့ လွတ်လပ်ရေး မီးရှုးတန်ဆောင် ဆရာတော် အသျှင် ဦးဥတ္တမနေ့"အခမ်းအနားကို ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနနှင့် ရန်ကုန်ရှိ ရခိုင်အသင်းအဖွဲ့များမှ ဦးဆောင်ပြီး ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အခမ်းအနားဖြစ်မြောက်ရေး ကော်မတီ ပြောသည်။
ယင်းပြောကြားမှုကို ယနေ့ စက်တင်ဘာ ၇ ရက်နေ့ ရန်ကုန်မြို့ ရွှေတိဂုံ အရှေ့ဘက်မုခ်ဝ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည့် အခမ်းအနား ကျင်းပရေး သတင်းစာ ရှင်းလင်းပွဲတွင် ကော်မတီဝင်များက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ရောက်ရှိနေခဲ့စဉ်က ပြည်သူတရပ်လုံးကို အမျိုးသားရေးစိတ် နိုးကြားလာစေရန် ဟောပြောခဲ့သဖြင့် ထောင်အကြိမ်ကြိမ် ကျခံခဲ့ရသူဖြစ်သောကြောင့် ၎င်း သေဆုံးသည့် နေ့ရက် စက်တင်ဘာ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်အမျိုးသားတို့က ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်မြို့အပြင် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် အသီးသီးနှင့် နိုင်ငံတကာရောက် ရခိုင်လူမျိုးများ စုဝေးရာများတွင် နှစ်စဉ် ကျင်းပပြုလုပ်နေခြင်း ဖြစ်ကြောင်း ကော်မတီဝင်များက ပြောသည်။
ဆရာတော် အသျှင် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စစ်တွေမြို့၌ မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ပျံလွန်တော်မူခဲ့သည်။
0 comments:
Post a Comment