မင်းမျိုးနွယ်/RiA
တောင်ကုတ်၊ သြဂုတ် ၂၉ ရက်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြို့နယ်တရားရုံးသည် တရားဥပဒေကို ခုတုံးလုပ်ကာ လာဘ်စားမှုများရှိနေခြင်း၊ ပွင့်လင်းမြင်သာမှုများ မရှိခြင်း၊ တရားစီရင်ရေး လုပ်ငန်းများတွင် မှန်ကန်မှုတို့ မရှိကြောင်း ယူဆချက်ဖြင့် ယနေ့ နံနက်က တောင်ကုတ်မြို့နယ်၊ ပေါက်ပြင်ကျေးရွာမှ ဦးဇော်လွင်သည် တကိုယ်တော် ဆန္ဒဖော်ထုတ်မှုတရပ် ပြုလုပ်ခဲ့သည်။
“ တောင်ကုတ်မြို့နယ်တရားရုံးဟာ တရားစီရင်မှု စနစ်မှန်ကန်တိကျမှုမရှိတဲ့အတွက်ကြောင့် ဆန္ဒပြရခြင်းဖြစ်ပါတယ်။ မျှတမှု လုံးဝမရှိဘူး။ ကျွန်တော်က အများအတွက်ပြတာဖြစ်ပါတယ်။ ဘယ်ကိစ္စဘယ်အမှုအတွက်ဆိုပြီးတော့ ရည်ရွယ်ပြီးပြတာမဟုတ်ဘူး။ တောင်ကုတ်မှာ တရားစီရင်ရေး မမှန်ကန်တဲ့ အတွက်ကြောင့် မတရားသဖြင့် ထောင်ကျသွားတဲ့သူတွေ၊ မိသားစုတစ်ခုလုံးပြိုကွဲ သွားတာတွေဟာ မျက်မြင်ကိုယ်တွေ့ပါပဲ။” ဟု ဦးဇော်လွင်က ပြောသည်။
ဦးဇော်လွင်၏ စွပ်စွဲပြောကြားချက်နှင့် ဆန္ဒဖော်ထုတ်မှုအပေါ် တောင်ကုတ်မြို့နယ်တရားရုံးမှ မှတ်ချက် တစုံတရာပြုနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်း လက်ခံဖြေကြားခဲ့ခြင်း မရှိပါ။
အစိုးရသစ်လက်ထက်တွင် အခြေအနေအရပ်ရပ်တို့ ပြောင်းလဲမှု တစ်စုံတစ်ရာရှိလာနေပြီ ဖြစ်သော်လည်း ရခိုင်ပြည်နယ်၏ တရားစီရင်ရေး ကဏ္ဍမှာ ပြောင်းလဲမှုမရှိသေးဘဲ လာဘ်ပေး လာဘ်ယူမှုများနှင့်သာ ရွေ့လျားနေဆဲဖြစ်ကြောင်း စနစ်ဟောင်း၏ ယဉ်ကျေးမှုများ ကျန်ရှိနေသေးကြောင်းနှင့် ယင်း စနစ်ဆိုများကို အမြန်ဆုံးပြောင်းလဲပစ်ရန် လိုအပ်နေသေးကြောင်း ဦးဇော်လွင်ကို ထောက်ခံသူ တောင်ကုတ်ဒေသခံကများက ပြောသည်။
0 comments:
Post a Comment