အောင်ထွဋ်ဦး/Root
Investigative Agency (RiA)
ချောက်မြို့နယ်ကို ဗဟိုပြုပြီး
လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၆.၈ အထိရှိခဲ့ပြီး ပုဂံအပါအဝင် ရှေးဟောင်း လက်ရာတွေတည်ရှိတဲ့
မြို့နယ်တွေက စေတီ၊ ပုထိုးတွေပါရှိခဲ့ပါတယ်။
ပုဂံမှာတော့ ရှေးဟောင်းလက်ရာ
၁၉၀ ကျော် ပျက်စီးခဲ့ရတယ်လို့ သိရှိရပြီး ပြန်လည် ပြုပြင်မှုတွေကိုလည်း
ယူနက်စကိုရဲ့ လမ်းညွှန်မှုနဲ့ ပြုပြင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားပြီး
ဖြစ်ပါတယ်။
ရှေးဟောင်းလက်ရာတွေ
ပျက်စီးမှုထဲမှာ မြန်မာနိုင်ငံ အနောက်ဘက်က မြောက်ဦးမြို့ရဲ့ ရှေးဟောင်း လက်ရာတွေလည်း
ပါဝင်ခဲ့ရပါတယ်။ မြောက်ဦးမြို့ဟာ နှစ်ပေါင်းထောင်ချီတဲ့ ရှေးဟောင်းမြို့တော် တစ်ခုဖြစ်သလို
ပုဂံယဉ်ကျေးမှုထက် ရှေးကျလွန်းတဲ့ အဆောက်အအုံတွေ လက်ရာတွေရှိတဲ့ မြို့တော် တစ်ခုလည်း
ဖြစ်ပါတယ်။ သမိုင်းဝင် နေရာများစွာနှင့် ခံတပ်များ၊ ရေကန်များ၊ နန်းမြို့ရိုးများ၊
ရှေးဟောင်း အနုပညာလက်ရာများ၊ စေတီပုထိုးများ တည်ရှိဆဲဖြစ်သဖြင့် ရှေးဟောင်းအနုပညာကို
လေ့လာလိုသူများ အကြိုက်တွေ့သည့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။
အခြားတစ်ဘက်မှာ
မြောက်ဦးဟာ မြန်မာနိုင်ငံမှာ ငလျင်ကြော ကိုးခုရှိတဲ့အနက် ငလျင်ကြော တည်ရှိမှုမှာ
ပါဝင်တဲ့ မြို့ဖြစ်ပါတယ်။ မြောက်ဦးမြို့မှာ ပျက်စီးသွားတဲ့ ရှေးဟောင်း လက်ရာတွေနဲ့
ပါတ်သက်ပြီးတော့ ပြန်လည် ပြုပြင်မှုအပိုင်းကို ပုဂံလို သီးသန့်ညွှန်ကြားချက်မှုမျိုး
ပြုလုပ်တာတော့ မတွေ့ရပါဘူး။ ရှေးဟောင်း လက်ရာတွေအပေါ် ပြန်လည်ပြီး ပြုပြင်တဲ့အခါ မူလအတိုင်း
မရောက်ရှိမှာ ကို ယဉ်ကျေးမှုအမွေနှစ် မြတ်နိုးတဲ့သူတွေအတွက်
စိုးရိမ်စရာပဲဖြစ်ပါတယ်။
မြောက်ဦးမြို့ရဲ့
အထင်ကရ
ရှေးဟောင်း အဆောက်အအုံနဲ့ ဘုရားတွေဖြစ်ကြတဲ့ ရတနာ့ မာရ်အောင်စေတီ၊
ရတနာပုံစေတီ၊ ကိုးသောင်း ပုထိုးတော်ရဲ့ နံရံအပေါ်ပိုင်း ကျောက်တုံးများ
ပြုတ်ကျသွားခြင်းနဲ့ ပေါ်တူဂီလက်ရာ အဆောက်အအုံဟောင်း တစ်ခု
ပြိုပျက်သွားခဲ့ရပါတယ်။
မြောက်ဦးမြို့ရှိ
ရှေးဟောင်းအဆောက်အအုံတွေ ပျက်စီးသွားတာနဲ့ ပါတ်သတ်ပြီးတော့ မကြာခင် အချိန် အနည်းငယ် အတွင်းမှာ
ပြန်လည်ပြီး ပြုပြင်သွားမှာလို့ ရခိုင်ပြည်နယ် ရှေးဟောင်း သုတေသန ညွှန်ကြားရေးမှူး
ဦးငြိမ်းလွင်က ဆိုပါတယ်။
ဒါပေမယ့် သူ့အနေနဲ့
ရှေးဟောင်းလက်ရာတွေကို ရှေးပုံစံအတိုင်းပဲ ထားရှိချင်တယ်လို့ သူရဲ့ဆန္ဒကို
ထုတ်ဖော်ပြောကြားပါတယ်။
“ ဗုဒ္ဓဘာသာဝင်တွေက ဘုရား၊
စေတီ၊ ပုထိုးဆိုရင် ဒီအတိုင်း မထားချင်ကြဘူးလေ ပြန်ပြီး ပြုပြင်ကြလိုတဲ့
စိတ်စေတနာတွေ ရှိကြတယ်။ မူလ ပုံစံ အတိုင်းတော့ မရတော့ဘူးပေါ့၊ ရှေးဟောင်း လက်ရာတွေကို
ဒီအတိုင်းပဲ ထားချင်တယ်’’
မြောက်ဦးဟာ ပုံဂံဒေသနဲ့ မတူဘဲ
ဒီရေဒဏ်၊ မိုးဒဏ်ကိုပါ ခံစားနေရပြီး ပုဂံဒေသမှာ မိုးဒဏ်ပဲရှိတဲ့ အ တွက်
မြောက်ဦးဟာ စိုးရိမ်ရတဲ့ အနေထားမှာ ရှိနေတယ်ဆိုတာကို ဦးငြိမ်းလွင်ရဲ့ပြောပြချက်အရ
သိရပါတယ်။
“ မြောက်ဦးဟာ ရေကြီးရင်
ဒီရေတွေ ဖုံးကုန်တယ်။ ရှေးဟောင်း အဆောက်အအုံတွေကို ပျက်စီးဖို့ လွယ်နိုင်တယ်။
ဒါကြောင့် ချောင်းတွေကို ပြန်ပြီး တူးဖော်မယ်ဆိုပြီး ပြည်နယ် အစိုးရဆီက ရန်ပုံငွေ
သိန်း ၂၀၀၀ ရှိပါတယ်။ နွံဖုန်းတဲ့ အရာတွေကို ပြန်တူးဖော်မယ်ပေါ့ ’’
ပြည်နယ်အစိုးရအဖွဲ့က
တာဝန်ရှိ ဝန်ကြီးတွေကတော့ မြောက်ဦးကို ငလျင်အပြီး နောက် တနေ့မှာပဲ ရောက်ရှိခဲ့ပြီး
ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးမြို့မှာ
ပျက်စီးသွားတဲ့ ရှေးဟောင်းအဆောက်အအုံတွေဟာ ပြန်ပြီးပြုပြင်ထားတဲ့ အပိုင်းက
ပြိုပျက်သွားတာပဲ ဖြစ်တယ်လို့ မြောက်ဦးရှေးသု ထိန်းသိန်းရေး ဒေါ်ခင်သန်းက ဆိုပါတယ်။
“ ကိုးသောင်းရဲ့
ပုထိုးတော်မှာဆိုလည်း ပြန်ပြီးပြုပြင်ထားတဲ့ အပိုင်းက ပြိုပျက်သွားကြတာပါ။ ရတာနာပုံလည်း
ဒီလိုပဲ၊ ဒါဟာ မြောက်ဦးရဲ့ ဘုရားပုထိုးတွေကို ပြန်ပြီးပြုပြင်တဲ့အခါ ယူနက်စကိုက
သတ်မှတ်ထားတဲ့  ပညာရှင်တွေမပါဘဲနဲ့ ဖြစ်သလို ပြန်ပြီးပြုပြင်မွမ်းမံတဲ့ အတွက်ပါပဲ၊
မြောက်ဦးဟာ ယူနက်စကိုလည်း မဝင်ဘူး။ မြောက်ဦးထက် နောက်ကျတဲ့ ပုဂံတော့
ယူနက်စကိုထဲမှာ ပါသွားတယ်၊ တနည်းပြောရရရင် မြောက်ဦးကို ယူနက်စကိုထဲ မပါအောင်
ရည်ရွယ်ပြီး ဖျက်ဆီးသလိုပဲ”
၂၀၁၂ က ထုတ်ပြန်ခဲ့တဲ့
ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့(Global Heritage Fund) မှ ထုတ်ပြန်သော
အစီရင်ခံစာမှာ မြောက်ဦးမြို့ကို အာရှတိုက်၏ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့်
ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ခုမှာ စာရင်းသွင်းခဲ့ပါတယ်။
၂၀၁၂ ခုနှစ်၊ မေလ ၃
ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အာရှတိုက်၏ ရှေးခေတ် ဗိသုကာ လက်ရာများမှာ
စီးပွားရေးလုပ်ငန်းများ ထွန်းကားလာခြင်း၊ လုံလောက်သော ပြုပြင်ထိန်းသိမ်းမှု
မရှိခြင်း၊ ခိုးယူလုယက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနှင့် ခရီးသွားလုပ်ငန်းများ
ကျယ်ပြန့်လာခြင်းတို့ကြောင့် ပျက်စီး ပျောက်ကွယ်မည့် ဘေးအန္တရာယ်နှင့်
ရင်ဆိုင်နေရတယ်လို့ ပါရှိပါတယ်။
မြောက်ဦးရဲ့ ပျက်စီးမှု အနေထားတွေကိုတော့
လုံလောက်သော ပြုပြင်ထိန်းသိမ်းမှု မရှိလို့ပဲ သုံးသပ် ရမလို ဖြစ်နေပါတယ်။
မြောက်ဦးမြို့မှာ ရေကြောင်း စနစ်တွေ၊ ချောင်းတွေရဲ့ ရေစီးဆင်းပုံကို ရှေးခေတ် ပုံစံအတိုင်း
ပြန်လည် ရရှိဖို့အတွက် ပြုပြင်မယ်ဆိုရင် ဒေါ်လာ သန်းချီကုန်ကျမှာ ဖြစ်တယ်လို့
ရခိုင်ပြည်နယ် ရှေးသု ညွှန်ကြားရေးမှူး ဦးငြိမ်းလွင်က ဆိုပါတယ်။
မြောက်ဦးမြို့ရဲ့
ပျက်စီးမှုကို ကာကွယ်ဖို့ အတွက် ရှေးဟောင်းယဉ်ကျေးမှု မြတ်နိုးတဲ့သူတွေက ၂၀၁၅
ခုနှစ်က ယူနက်စကို ကို တင်ပြမယ်ဆိုပြီး ဆောင်ရွက်ခဲ့ကြပါတယ်။
ယူနက်စကိုသို့ တင်ပြရာတွင်
ရှေးဟောင်း အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းသည့်ဇုန်၊ ရှေးဟောင်း ဘုရား၊ ကျောင်း၊
ကန်၊ သိမ်၊ ဇရပ်၊ စေတီပုထိုးများနှင့် အဆောက်အအုံများ ထိန်းသိမ်းရန်ဇုန်၊ မြေပေါ်မြေအောက်
ရောက်ရှိနေသည့် အမွေအနှစ်များကို ထိန်းသိမ်းမည့်ဇုန်ဟူ၍ ဇုန်သုံးခု ခွဲခြားတင်ပြသွားဖို့
စီစဉ်ခဲ့မေယ့် ဖြစ်မြောက်မလာခဲ့ပါဘူး။
ဒေါ်ခင်သန်းက - ယူနက်စကို
ဝင်နိုင်ဖို့အရေး မြောက်ဦးရဲ့ ယဉ်ကျေးမှုကို စနစ်တကျ ထိန်းသိမ်းနိုင်ဖို့ အတွက်
လွှတ်တော်ကို ရောက်အောင် တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။
မြောက်ဦးဟာ သမိုင်းဝင်စေတီပေါင်း
၁၅၀၀ ကျော်ရှိပြီး ကာကွယ်ဖို့ အရေးတစ်ကြီး လိုအပ်နေတယ်လို့ ဒေါ်ခင်သန်းက
ထုတ်ဖော်ပြောပါတယ်။
ရှေးဟောင်းယဉ်ကျေးမှု
အမွေအနှစ်တွေကို ထိန်းသိမ်းဖို့အတွက် ပြီးခဲ့တဲ့ ၅နှစ်အတွင်း စုစုပေါင်း ကျပ်ငွေ ၁
ဒဿမ ၅ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ သန်း) သုံးစွဲခဲ့တယ်လို့ ရခိုင်ပြည်နယ် ရှေးသုဌာနရဲ့
မှတ်တမ်းတွေ အရသိရှိရပါတယ်။
မြောက်ဦးမြို့နယ်မှာ ငလျင်ဒဏ်ကြောင့်
ရှေးဟောင်း အဆောက်အအုံတွေ ပျက်စီးမှုဟာ ၁၉၉၄ တုန်းက တစ်ခေါက် ဖြစ်ခဲ့တယ်လို့လည်း
ဒေါ်ခင်သန်းက ပြောပါတယ်။
“ ခု ပြိုကျသွားတဲ့ ဟာတွေ
ဆိုရင် ရှေးဟောင်းလက်ရာတွေတော့ မဟုတ်ပါဘူး။ လုပ်ထားတာလည်း လက်ရာတွေ မကောင်းဘဲ ရှေးဟောင်း
အကြောင်းကို နားမလည်ပဲ ဖြစ်သလို လုပ်ကြတာ၊ ကျမက အမြဲ ဆုတောင်းနေရတာ
ဘုရားဖူးတဲ့သူတွေ ရှိတဲ့အခါ မပြိုပျက်စေနဲ့လိုပေါ့၊ ဒါဟာ ပြန်ပြီး ထိန်းသူတွေရဲ့
တာဝန်ပဲ၊ ရှေးဟောင်း လက်ရာတွေကို ဖျက်ဆီးနေတာနဲ့ တူတယ် ’’
ငလျင်ဒဏ်ကြောင့် မြောက်ဦးမြို့ရှိ
ရှေးဟောင်း အဆောက်အအုံတွေ ပျက်စီးသွားတာနဲ့ ပါတ်သတ်ပြီးတော့ မကြာခင် အချိန် အနည်းငယ် အတွင်းမှာ
ပြန်လည်ပြီး ပြုပြင်သွားမှာ ဆိုပေမယ့် ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရဖို့နဲ့
ရခိုင်တို့ရဲ့ ရှေးဟောင်းမြောက်ဦးကို ဘယ်လို ဆက်လက် ထိန်းသိမ်းမလဲဆိုတာကတော့
ရခိုင်တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုတခုဖြစ်လာပါတယ်။
0 comments:
Post a Comment