စစ်တွေ/RiA ၊ ဇန်န၀ါရီ ၂၀ ရက်
လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းတင်ပြခြင်းနှင့် သံယံဇာတအရင်းအမြစ်များ စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကို ဒီကနေ့ ဇန်န၀ါရီ ၂၀ ရက်နေ့ စစ်တွေမြို့၊ ဟိုတယ် စစ်တွေတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို ရခိုင်အမျိုးသားပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်တို့မှ ပြည်နယ်လွှတ်တော် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများဖြစ်တဲ့ ပျိုးပင်၊ ရောင်ခြည်သစ်၊ ရခိုင်သဟာယအသင်း (ရန်ကုန်)၊ နှင့် ၂၀၁၀ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ရခိုင်ပြည်နယ် ဥက္ကဌ ဦးညီပုက ခုလို ပြောပါတယ်။
“လွှတ်တော်ဆိုင်ရာ ကိစ္စတွေ၊ ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ ရေလုပ်ငန်းခြင်းဆိုင်ရာ ကိစ္စတွေ ပြေပြေလည်လည် ဆွေးနွေးညှိနှိုင်းပြီး ရှေးအနာဂတ် ရခိုင်ပြည်နယ် ကိစ္စတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ ဒီကနေ့ တွေ့ဆုံပွဲကနေ ကောင်းမွန်တဲ့ ရလဒ်များ ထွက်ပေါ်နိုင်ဖို့ ဆွေးနွေးကြမှာပါ။ ကျန်ာတို့ နိုင်ငံက အဘက်ဘက်မှာ ချွတ်ယင်းအားနည်းချက်တွေ ရှိပါတယ်။ ဒီအရာတွေကို ဘယ်လို ကောင်းမွန် တိုးတက်အောင် လုပ်ဆောင်သွားနိုင်မှာလဲဆိုတာ အားလုံးက ၀ိုင်းဝန်း ဆောင်ရွက်မှ ဖြစ်မှာပါ။ နောက်တစ်ခုက ဥပဒေပိုင်းဆိုင်ရာ ပေါ့။ ဥပဒေသဘောအရ ဥပဒေတရပ်ကို ရေးဆွဲပြီး အသက် မ၀င်ဘူးဆိုရင် ဒါက အလုပ်မဟုတ်တော့ဘူး။ ဥပဒေတရပ်ကို ရေးဆွဲထားပြီးရင် ရေးဆွဲသူ ကိုယ်တိုင်က လိုက်နာမှုမရှိဘူးဆိုရင် အဆင်မပြေတော့ဘူး။ ကျနော်တို့ နိုင်ငံမှာက အဘက်ဘက်က အားနည်းချွတ်ယွင်းချက်တွေ ရှိနေပါတယ်။ ဒီချွတ်ယွင်းချက်တွေကို ၀ိုင်းဝန်းဆွေးနွေးအဖြေရှာပြီး ရလဒ်ကောင်းထွက်ဖို့ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးသွားမှာပါ”
လာမယ့် ဒီမိုကရေစီအစိုးရသက်တမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အနေနဲ့ ဗဟိုချူပ်ကိုင်မှုကို လျှော့ချနိုင်ဖို့ မျှော်လင့်ကြောင်း ၂၀၁၀ အနိုင်ရ စစ်တွေမဲဆန္ဒနယ် ရခိုင်အမျိုးသားပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောပါတယ်။
“ပြည်ထောင်စု အစိုးရချူပ်ကိုင်မှုရယ်၊ ပြည်ထောင်စုနဲ့ ပြည်နယ် အစိုးရကြား အာဏာခွဲဝေမှုတွေက လာမယ့် အစိုးရသက်တမ်းမှာ အဓိက စိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကို လျှော့ချနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍက အရမ်းမှေးမှိန်ခဲ့ပါတယ်။ ဒါတွေကို အခု တက်လာမယ့် NLD အစိုးရလက်ထက်မှာ ပြောင်းလဲနိုင်ဖို့ မျှော်လင့်ထားပါတယ်”
ဒါ့အပြင် ဒီ ဆွေးနွေးပွဲအတွင်း နိုင်ငံတစ်ခုရဲ့ လွှတ်တော်ဆိုင်ရာ အခန်းကဏ္ဍ၊ လွှတ်တော်အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် ငါးနှစ်တာကာလအတွင်း စီမံဆောင်ရွက်ခဲ့မှုများအပေါ် အားသာချက်၊ အားနည်းချက်များကို ဝေဖန်ခြင်း၊ အတွေ့အကြုံများပေါ် အခြေခံပြီး ဆက်လက်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခြင်း စတာတွေကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
0 comments:
Post a Comment