Saturday, June 11, 2016
မိုးဆက်လက် ရွာသွန်းပါက ရခိုင်ပြည်နယ်အတွင်း ရေကြီးနိုင်
မင်းမျိုးနွယ်/RiA ၊ ဇွန် ၁၁ ရက်
ရခိုင်ပြည်နယ်အတွင်း မိုးဆက်တိုက် ရွာသွန်းနေမှုမှာ ရက်နှစ်ဆယ်ကျော် ခန့်ရှိနေပြီဖြစ်ရာ ယခု ရက်ပိုင်းအတွင်း မိုးသည်ထန်စွာရွာသွန်း လာမှုကြောင့် တောင်ကျရေများ ပြည့်လျှံ လာခြင်း၊ မြစ်ရေများမြင့်တက် လာနေခြင်းတို့ ဖြစ်ပွားလျှက်ရှိနေသည့် အတွက် ဆက်လက်ရွာသွန်းပါက ရေကြီးမှုအန္တရာယ်နှင့် ရင်ဆိုင်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ်သည် မိုးရွာသွန်းမှုများပြားသည့် ဒေသတစ်ခုဖြစ်ရာ ယခုနှစ် မိုးရွာသွန်းမှုမှာ မေလ ၁၈ ရက်နေ့မှစတင်ကာ ဆက်တိုက် ရွာသွန်းနေခြင်းဖြစ်ပြီး မိုးရေချိန် လက်မ ၁၀ ကျော်အထိ ရှိနေပြီဖြစ်သည်။
“လောလောဆယ်တော့ ရေကြီးတာတွေ ဘာတွေတော့ မရှိသေးဘူး။ မိုးကတော့ ဆက်တိုက်ရွာနေတာဆိုတော့ အခြေအနေက ရေကြီးလာမယ့် အနေအထားတော့ ရှိတာပေါ့။ မြောက်ဦးမှာ တစ်ချို့ရပ်ကွက်တွေမှာ ဆိုရင် မိုးရေတွေပြည့်လာလိုက် ပြန်ကျသွားလိုက်နဲ့ ဖြစ်နေတောတွေတော့ ရှိတယ်။ အဲဒီနေရာတွေကတော့ နှစ်တိုင်းလိုလို ဖြစ်နေကျနေရာတွေပါ။ လောလောဆယ်တော့သိပ်စိုးရိမ်စရာမရှိသေးပါဘူး။” ဟု မြောက်ဦးမြို့ခံ ဦးရွှေတင်ကပြောသည်။
ယင်းအပြင် ရခိုင်ပြည်နယ် တစ်ခုလုံးတွင် မိုးရွာသွန်းနေသည့်အတွက် လက်ရှိအခြေအနေအရ မိုးရေပြည့်လျှံမှုများနှင့် ရင်ဆိုင်နေကြရသည့် နေရာများမှာ တောင်ကုတ်၊ အမ်း၊ မြောက်ဦး၊ မြို့နယ်များဖြစ်ကာ တောင်ကျချောင်းများတွင်ရေပြည့်လျှံခြင်း၊ မိုးရေများ ပိတ်ဆို့နေခြင်းတို့ကြောင့် ကားလမ်းများတွင် ရေပြည့်လျှံနေသည့်အတွက် ရန်ကုန်-စစ်တွေကားလမ်းတစ်လျှောက်တွင် ရခိုင်ပြည်နယ်ဘက်မှ တစ်ချို့လမ်းပိုင်းနေရာများ၌ သွားလာရေး ခက်ခဲနေကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ယခင်နှစ်မိုးရာသီက မိုးကြီးရေလျှံဖြစ်ပွားခဲ့မှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်မြို့နယ်များရှိ ကျေးရွာ တချို့တို့မှာ မြစ်ရေပြည့်လျှံလာပြီး လတ်တလော ရေကြီးနှစ်မြုပ်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင် ထားမှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်းလည်း ဒေခံများက ဆိုသည်။

0 comments:
Post a Comment