Wednesday, June 15, 2016

တိုက်ပွဲများဖြစ်ပွားခဲ့ရာ အနီးတ၀ိုက်မှ ဒေသခံများ လွတ်လပ်စွာသွားလာခွင့် ရရှိရေး တောင်းဆို

မင်းမျိုးနွယ်/RiA ၊ ဇွန် ၁၅ ရက်

ရခိုင်ပြည်နယ်အတွင်း သြရမတောင်တန်း တလျှောက်တွင် ပြီးခဲ့သည့် ဧပြီလက ဖြစ်ပွားခဲ့သည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများကြောင့် ကျေးရွာတချို့ ပျက်စီးခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ အနီးတ၀ိုက်ရှိ ကျေးရွာ ၇ ရွာမှ ဒေသခံများမှာ လွတ်လပ်စွာ သွားလာခွင့်များ ဆုံးရှုံးနေမှုကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် ဒေသခံများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဇွန်လ ၁၄ ရက်နေ့က အသနားခံစာ ပေးပို့ခဲ့သည်။


တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် သွားရေးလာရေး မလွယ်ကူတော့ဘဲ ယခင်ကကဲ့သို့ လုပ်ကိုင်စားသောက်ရန်အတွက် အခက်အခဲများ ရှိနေကြောင်း ယင်းသို့ အခက်အခဲများအား လျှော့ပေါ့ပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး စည်ပင်သာယာရေး ဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ အသနားခံစာ ပေးပို့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရွာအနားက လယ်ကွေ့ကျေးရွာမှာ သင်္ကြန်မတိုင်ခင်ကပင် စစ်တပ်ကရောက်နေပါတယ်။ အဲဒီအချိန်မှာ တိုက်ပွဲတွေမဖြစ်သေးဘူး။ ရွာသားတွေကို တောထဲမဝင်ဖို့၊ ညအိပ်မနေဖို့ တောထဲကိုဝင်ရင် ထောက်ခံစာပြပြီးတော့ သွားလာဖို့နဲ့ ည ၆ နာရီ နောက်ပိုင်း သွားလာမှု မပြုဖို့ပြောပါတယ်။ ကျွန်တော်တို့က တောင်ယာ လုပ်တာဆိုတော့ တောထဲကို မသွားလို့မရဘူး။ အခုစစ်တပ်က အဲလိုတားဆီးထားတော့ ကျွန်တော်တို့ ယာလည်းမလုပ်ရ၊ သစ်ဝါးတွေလည်း မခုတ်ရတော့ စားဝတ်နေရေး အခက်အခဲရှိနေပါတယ်။ ဒါကြောင့် တောင်ယာ လုပ်ကိုင်ခွင့်နဲ့ အလွယ်တကူ သွားလာခွင့်ရရှိဖို့အတွက် စာပို့တာဖြစ်ပါတယ်။”ဟု ခမောင်းကျေးရွာသား ဦးမောင်လှထွန်းကပြောသည်။

မြန်မာ့တပ်မတော်မှ ဒေသခံများအား တောတောင်ထဲသို့ အလုပ်လုပ်ကိုင်ရန်အတွက် သွားလာခွင့်များကို စစ်ဆေး တားဆီးနေမှုအား ကြုံတွေ့ခံစားနေရကာ စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် ကျေးရွာများမှာ ကျောက်တော်မြို့နယ် ခမောင်းကျေးရွာ၊ သိန်းချောင်းကျေးရွာ၊ ကင်ပိကျေးရွာ၊ မိကျောင်းကုန်းကျေးရွာ၊ တဲဝကျေးရွာ၊ လယ်ကွေ့ကျေးရွာနှင့် ကျွန်းသာယာကျေးရွာတို့ဖြစ်ကြောင်းနှင့် အဆိုပါကျေးရွာ ၇ ရွာတွင် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည့် အိမ်ထောင်စုပေါင်း ၃၅၀ ကျော်ရှိကြောင်းသိရသည်။

“အခုကျွန်တော်တို့ စစ်တွေကို လာတာဟာလည်း ရွာသားတွေဆီက ခရီးစရိတ်တွေကောက်ခံပြီးတော့ လာခဲ့တာပါ။ ဒီနေ့မနက်က ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ သွားတွေ့ကြပါတယ်။ ဝန်ကြီးက အစိုးရအဖွဲ့သိအောင် စာတင်ဖို့ ခိုင်းတဲ့အတွက် တင်တာလည်းဖြစ်ပါတယ်။ ဘာမှ ထူးခြားမှုမရှိရင်လည်း နောက်တစ်ခေါက်လာဖို့ မလွယ်တော့ပါဘူး။” ဟု ဦးမောင်လှထွန်းက ပြောသည်။

သြရမတိုက်ပွဲသည် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ တစ်လျှောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း ယင်းဒေသနှင့် အနီးဝန်းကျင်တွင် နေထိုင် လျှက်ရှိကြသည့် ကျေးရွာများရှိ ရခိုင်တိုင်းရင်းသားများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ မိကျောင်းကုန်း (တောဖျားချောင်း)၊ ကင်ပိ (တောဖျားချောင်း)၊ နွယ်အိုင်၊ သပြုချောင်း၊ ကျောက်သရောင်၊ နတ်သရွဲ၊ မောင်နှမစသည့် ကျေးရွာသားများမှာ တိုက်ပွဲများဖြစ်ပွားခဲ့သည့်နေရာနှင့် အနီးကပ် တည်ရှိနေသည့် အတွက် ထွက်ပြေး တိမ်းရှောင်လျှက်ရှိနေကြောင်းလည်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top