Thursday, May 12, 2016

နည်းဥပဒေ ၂၇ ခု ပြဌာန်းရန် ကျန်ရှိနေဟု ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီ ဥက္ကဌဟောင်း ဦးအောင်မြကျော် ပြောကြား


မင်းမျိုးနွယ်/RiA ၊ မေ ၁၂ ရက်

ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ၂၀၁၀ - ၂၀၁၅ အတွင်း နှစ်စဉ် ပုံမှန်ရေးဆွဲခဲ့ရသည့် ဘတ်ဂျက်ဥပဒေနှင့် စီမံကိန်းဥပဒေ ၁၀ ခုခန့်အပြင် ဖွဲ့စည်းပုံဇယား ၂ ၏ လုပ်ပိုင်ခွင့်ထဲမှ ဥပဒေများဖြစ်သော စည်ပင်ဥပဒေ၊ ရေချိုငါးလုပ်ငန်းဥပဒေ စသည့် ဥပဒေ စုစုပေါင်း ၂၇ ခုမှာ အကောင်အထည်ဖော်ရန် နည်းဥပဒေများ မရေးဆွဲနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီ ဥက္ကဌဟောင်း ဦးအောင်မြကျော်က RiA ကို ပြောသည်။



“ဥပဒေတွေရေးဆွဲခဲ့ပေမယ့် လက်တွေ့မှာတော့ နည်းဥပဒေထွက်ရှိမှုက တော်တော်လေးကို အားနည်းခဲ့တဲ့အတွက် လွှတ်တော်က ထုတ်ပေးလိုက်တဲ့ဥပဒေတွေဟာ အသက်ဝင်မှု အားနည်းပါတယ်။ နည်းဥပဒေကိုတော့ အစိုးရအဖွဲ့ကပဲ ဆွဲခွင့်ရှိပါတယ်။ လွှတ်တော်က ဥပဒေတွေကို ဘယ်လောက်ပဲဆွဲဆွဲ အစိုးရအဖွဲ့က အလုပ်မလုပ်ခဲ့တဲ့အတွက်ကြောင့် အဲဒီဥပဒေတွေဟာ ဒီနေ့အထိ အသက်မဝင်သေးဘူးဖြစ်နေပါတယ်။"

လွှတ်တော်က ရေးဆွဲခဲ့သည့် ဥပဒေများတွင် ဒေသနှင့် မကိုက်ညီသော ဥပဒေများ ရှိခဲ့သည့်အပြင် အရေးပါသည့် ဥပဒေအချို့ကိုလည်း ကျင့်သုံးနိုင်ခဲ့ခြင်း မရှိကြောင်း ကျောက်ဖြူ မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ဆိုသည်။

“အဓိကကျတဲ့ ဥပဒေတွေက စည်ပင်ဥပဒေဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ အဲဒီဥပဒေကို ကျင့်သုံးနေတာကို မတွေ့ရသေးဘူး။ အသက်ဝင်နေတာလည်း မရှိသေးဘူ။ ရေချိုငါးလုပ်ငန်း ဥပဒေဟာလည်း ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရေချိုငါးလုပ်ငန်းဥပဒေနဲ့ မသင့်တော်ပါဘူး။ တကယ်တမ်း ပြဌာန်းသင့်တာက ရေငံ ငါးလုပ်ငန်းဥပဒေပါ။ ကမ်းရိုးတမ်းကို ပိုင်ဆိုင်ထားတဲ့ ရခိုင်ပြည်နယ်မှာ ရေချိုငါးလုပ်ငန်း ဥပဒေကို ပြဌာန်းတာဟာ လွဲမှားနေတာဖြစ်ပါတယ်။”

ယင်းအပြင် ယခု လွှတ်တော်သက်တမ်းတွင် ရေးဆွဲပေးလာကြမည့် ဥပဒေများအပေါ် နည်းဥပဒေများ ရေးဆွဲခြင်း၊ အကောင်ထည်ဖော် ကျင့်သုံးမှုများ ပြုလုပ်ရန် လိုအပ်သလို၊ ယခင်လွှတ်တော်က ရေးဆွဲပေးခဲ့သည့် ဥပဒေများကိုလည်း အစိုးရသစ်အနေနှင့် လေ့လာရန် လိုအပ်နေကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီ ဥက္ကဌဟောင်း ဦးအောင်မြကျော်က ပြောကြားခဲ့သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top