စစ်တွေ၊ စက်တင်ဘာ ၂၄ ရက်
စက်တင်ဘာ ၂၂ ရက်နေ့ ညက စစ်တွေမြို့နယ်၊ ဓည၀တီ (က) ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော အသက် ၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံရမှုတွင် တရားခံဖြစ်သူ ခမရ (၃၅၄)၊ တပ်သား နေလင်းအောင်ကို ဒေသကွပ်ကဲမှူစစ်ဌာနချူပ် ဒုစစ်ဦးစီးမှူး ဗိုလ်မှူးကြီး ခင်စိုး ဦးစီးပြီး အမှတ် (၁) ရဲစခန်းတွင် စစ်ဆေးနေကြောင်း သိရသည်။
“ တရားခံက တပ်မတော်သားဆိုတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆေးနေရတယ်ပေါ့။ တရားခံကိုတော့ ရဲစခန်းက ဖမ်းထားတာပါ။ ဒီနေ့ မနက် ၁၀ နာရီလောက်ကတည်းက စစ်ဆေးနေတာပါ။ တရားခံရဲ့ သက်ဆိုင်ရာ တပ်ရဲ့ တပ်ဆွေမှူး၊ တပ်ရင်းမှူးတို့လည်း စစ်ဆေးရေးအဖွဲ့ထဲ ပါပါတယ်။” ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး ဒုပြည်နယ်မှူး ရဲမှူး သစ်ဆန်းက ပြောသည်။
မုဒိန်းကျင့်ခံခဲ့ရသူ အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်မှာ မ ×××××× ဖြစ်ပြီး စစ်တွေ၊ ဓည၀တီ (က) ရပ်ကွက်တွင် နေထိုင်ကာ သူငယ်တန်းကျောင်းသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားပုံမှာ မ ×××××××× မှာ ကျန်းမာရေးမကောင်းသဖြင့် စစ်တွေပြည်သူ့ဆေးရုံမှ ဆင်းကာ အနားယူခါစ ၃ ရက်မြောက်ဖြစ်ပြီး၊ သူ၏ ဖခင်မှာ စက်တင်ဘာ ၂၂ ရက်နေ့ည ၁၀ နာရီအချိန်ခန့်တွင် ဆေးလိပ်အပြင်ထွက်ဝယ်စဉ် စစ်တွေအခြေစိုက် ခမရ ၃၅၄ မှ ကိုယ်ပိုင်အမှတ် တ ၂၈၇၇၅၃ တပ်သား နေလင်းအောင် (ခေါ်) ဦးနေ၀င်း သည် အိမ်ပေါ်တက်ကာ အတင်းအဓမ္မ မုဒိန်းကျင့်ခဲ့ခြင်းဖြစ်ပြီး ယင်းအခြေအနေကို အစ်ကိုဖြစ်သူ ဆိုက္ကားနင်း၍ ပြန်လာချိန်တွင် တွေ့ရှိသဖြင့် အိမ်နီးချင်းများကို အော်ဟစ်အကူအညီတောင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။
ယခုအခါ မ ×××××××× မှာ စစ်တွေပြည်သူ့ဆေးရုံတွင် ကုသစောင့်ရှောက်မှုကို ခံယူနေကြောင်း သိရသည်။
တရားခံ နေလင်းအောင်ကို ပုဒ်မ ၃၇၆ နှင့် တရားစွဲဆိုထားပြီး မလိုလားအပ်သော ဆူပူမှုများ စစ်တွေတွင် မဖြစ်ပွားစေရန် ဒေသခံများက လိုလားနေကြသည်။
“အင်လိုင်းပေါ်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်စေဖို့၊ ဆူပူမှုတွေဖြစ်စေဖို့ အကောင့်တုတွေနဲ့ လှုပ်ရှားနေတာတွေကို တွေ့ရပါတယ်။ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ သက်ဆိုင်ရာတွေက ဆောင်ရွက်နေတာမို့ ပြည်သူများအနေနဲ့ စိတ်လှုပ်ရှားမလွယ်ဖို့နဲ့ တရားဥပဒေအောက်က ဖြေရှင်းတာကို လက်ခံကြဖို့ ပြောကြားလိုပါတယ်။” ဟု ရခိုင်အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုနိုင်နိုင်က ပြောသည်။
ရခိုင်ပြည်နယ်တွင် ယခု သီတင်းပတ်အတွင်း မြောက်ဦးမြို့နယ်တွင် ဆရာတော်တစ်ပါး အငြင်းပွားဖွယ်ရာ သေဆုံးမှု၊ ကျောက်ဖြူမြို့နယ်တွင် ရခိုင်တိုင်းရင်းသားနှစ်ဦး အသတ်ခံရမှုနှင့် ယခု စစ်တွေတွင် ဖြစ်ပွားသော အသက် ၈ နှစ်အရွယ် မုဒိန်းမှုတို့ကြောင့် ရခိုင်ပြည်နယ် တကျော့ပြန် ဆူပူမှုများ ဖြစ်ပွားလာမည်လားဟုလည်း ပြည်သူလူထုက စိုးရိမ်နေကြကြောင်း သိရသည်။
* ××××××× (အမည်အား ကာယကံရှင်၏ အနာဂတ်နှင့် ဂုဏ်သိက္ခများကို ငဲ့ညှာပါသဖြင့် ထည့်သွင်းဖော်ပြခြင်း မပြုသည်ကို စာဖတ်ပရိသတ်များ သိရှိစေလိုပါသည်)

0 comments:
Post a Comment