Monday, October 17, 2016

ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်း ရပ်နားထားသော်လည်း ရေထွက်ပစ္စည်းများ ပုံမှန် တင်ပို့

ခိုင်လင်းစံ/RiA

မောင်တော၊ အောက်တိုဘာ ၁၇ ရက်။ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မောင်တော ကုန်သွယ်ရေးလုပ်ငန်းကို ရပ်ဆိုင်းထားသော်လည်း အသေးစား ကုန်သွယ်မှုများ ဖြစ်သည့် ရေထွက်ပစ္စည်းများမှာ ပုံမှန် တင်ပို့မှုများ ရှိနေသည်။


ကုန်သွယ်ရေးလုပ်ငန်းကို ယာယီရပ်ဆိုင်းထားသော်လည်း လုံးဝပိတ်သိမ်းလိုက်ခြင်း မဟုတ်သဖြင့် ပို့ကုန်လုပ်ငန်းတွင် ရေထွက်ပစ္စည်းများဖြစ်သော ပုဇွန်၊ ငါးနှင့် အခြားကုန်ပစ္စည်းအချို့မှာ နှစ်နိုင်ငံကြား ကုန်စည်ကူးသန်းမှု ရှိနေဆဲဖြစ်သည်။

 “ကုန်ပို့လုပ်ငန်းတွေကတော့ ရှိနေပါတယ်။ ပုံမှန်အတိုင်း မဟုတ်ရင်တောင် တချို့ကုန်တွေကို ပို့နေတာပါပဲ။ ဒီနေ့ ပို့မှာက ပုဇွန်နဲ့ တခြား ကုန်တစ်ချို့ကိုပို့မှာ ဖြစ်ပါတယ်။ ပုဇွန်တွေက တစ်ကီလိုကို ဒီကဝယ်တဲ့ ဈေးကတော့ ကျပ် ၈၀၀၀ ကျော် ရှိပါတယ်။ ဟိုဘက်ကို ရောက်သွားရင်တော့ ကျွန်တော်တို့ ရောင်းရတဲ့ဈေးက တစ်ကီလိုကို ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၇၀၀ အထက်ရပါတယ်။” ဟု နယ်စပ်ကုန်ပို့လုပ်ငန်း ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုများနောက်ပိုင်း ရေထွက်ပစ္စည်းများကို တင်ပို့နိုင်မှုမှာ တစ်နေ့လျှင် ကီလို ၁၀၀၀ ခန့်သာ ရှိသည်။

အဆိုပါ ကုန်သွယ်ရေးစခန်းသည် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား အဓိက အားထားရသည့် ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်ပြီး မောင်တောအကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ယာယီရပ်ဆိုင်းထားခြင်း ခံထားရခြင်း ဖြစ်သည်။

“အများဆုံး တင်ပို့ရတာကတော့ မောင်တောကထွက်တဲ့ ပုဇွန်တွေကိုပဲ ပို့ရတာပါ။ ခုနက ပြောတဲ့ ပေါက်ဈေးက အကြီးဆုံးအကောင်တွေကို အရောင်းအဝယ်လုပ်နေကြတဲ့ လက်ရှိပေါက်ဈေးဖြစ်ပါတယ်။ အကောင်းသေးရင်တော့ ဈေးနည်းတာပေါ့။ စစ်တွေဘက်က လာတဲ့ပုဇွန်တွေလည်း ရှိပါတယ်။ အများဆုံး တင်ပို့ရတာကတော့ ဒီရေတက်နေတဲ့ ရက်ပိုင်းတွေဆို ပိုပြီးတော့ ပို့ရပါတယ်။ အခုဖြစ်တဲ့ပြဿနာကြောင့် ဈေးကစားတာတွေ ဘာတွေတော့မရှိဘူး။” ဟု သူကဆိုသည်။

ယင်းအပြင် တခြားကုန်စည်များကိုလည်း ရခိုင်ဘက်ကမ်းမှတင်ပို့လျှက်ရှိနေကာ ဘင်္ဂလားဒေ့ရှ်ဘက်မှလည်း တင်ပို့မှုများ ရှိနေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် အနီးဝန်းကျင်များ၊ နှစ်နိုင်ငံ နယ်စပ်ရှိ နယ်ခြားနေရာများတွင် လုံခြုံရေး အခြေအနေများအား တိုးမြှင့်ထားကာ စောင့်ကြည့်မှုများ ပြုလုပ်လျှက်ရှိနေကြောင်း သိရသည်။
------------
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top