Tuesday, April 19, 2016

လယ်မြေသိမ်းဆည်းမှုတွေက အိန္ဒိယနဲ့ မပတ်သက်ပါ၊ မြန်မာအစိုးရနဲ့သာ သက်ဆိုင်ပါတယ်

ရန်ကုန်/RiA ၊ ဧပြီ ၁၉ ရက်

ရခိုင်ပြည်နယ်တွင် အမေရိကန် ဒေါ်လာ ၂၁၄ သန်း ကုန်ကျခံတည်ဆောက်နေသည့် အိန္ဒိယနိုင်ငံ၏ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းနှင့် ပတ်သက်ပြီး ဧပြီ ၁၀ ရက်နေ့တွင် ရှင်းလင်းပွဲတစ်ရပ်ကို စစ်တွေမြို့နယ်၊ ဦးဥတ္တမခန်းမတွင် ပြုလုပ်ခဲ့သည်။

ထိုစီမံကိန်းကို အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအစိုးရကြား ၂၀၀၈ ခုနှစ်တွင် သဘောတူစာချူပ် ချူပ်ဆိုခဲ့ခြင်းဖြစ်ကာ ၂၀၁၀ ခုနှစ်တွင် စတင်အကောင်ထည်ဖော်ခဲ့ခြင်း ဖြစ်ပြီး စီမံကိန်းနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်နေကြသည်၊ ရခိုင်ပြည်နယ် ဒေသခံများအတွက် မည်သို့ အကျိုးရှိလာနိုင်သည်များကို Root Investigative Agency မှ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Mr.Gautam Mokhopadhay နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ စစ်တွေမှာ ပြုလုပ်ခဲ့တဲ့ ကုလားတန်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲ ဆိုပေမယ့်လည်း နှစ်ဘက်စလုံးက ပြောကြားခဲ့တာတွေထဲမှာ ပွင့်လင်းမြင်သာမှု အားနည်းနေဆဲပါ။ ရှင်းလင်းပွဲမှာ သံအမတ်ကြီးက မြန်မာနိုင်ငံအတွက် ပြောရေးဆိုခွင့် ရှိသူက မြန်မာ့ဆိပ်ကမ်း အာဏာပိုင်လို့ ဖြေကြားခဲ့ပေမယ့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သူတို့ဟာ ပြောရေးဆိုခွင့်ရှိသူ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဒါက ဘယ်လိုဖြစ်ကြတာပါလဲ ခင်ဗျား။

ဖြေ။ ဟုတ်ကဲ့ပါ။ မြန်မာနိုင်ငံဘက်က ပြောရေးဆိုခွင့်ရှိသူကိုတော့ ကျနော်သေချာမသိပါဘူး။ ကျနော်သိတာကတော့ မြန်မာနိုင်ငံဘက်က ပြောရေးဆိုခွင့်ရှိသူတွေကတော့ မြန်မာဆိပ်ကမ်းအာဏာပိုင်ပဲဖြစ်ပါတယ်။ အဲဒါကိုပဲ ကျနော်က ပြောလိုတာပါ။ ဒါပေမယ့် အိန္ဒိယဘက်ကဆိုရင်တော့ တာဝန်ရှိသူတွေ ကိုယ်တိုင် ကျနော်ကိုယ်တိုင်လည်း ပါဝင်ပါတယ်။ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးတွေမှာလည်း သံအမတ်တွေရှိပါတယ်၊ သူတို့ကိုလည်း အိန္ဒိယနိုင်ငံဘက်က ကိစ္စတွေနဲ့ ပါတ်သက်လာရင် မေးမြန်းလို့ ရပါတယ်။ သူတို့ ဖြေကြားနိုင်ပါတယ်။ မြန်မာနိုင်ငံဘက်က ကျတော့ မြန်မာဆိပ်ကမ်း အာဏာပိုင်ကိုပဲ ပြောပြတာပါ။ ဘယ်သူလဲဆိုတာတော့ ကျနော်လည်း အတိအကျ မသိပါဘူး။ ကျနော်တို့ ကိုယ်တိုင်ကလည်း အိန္ဒိယဘက်ကဆိုပြီး သီးသန့်ခန့်အပ်ထားတာတော့မရှိပါဘူး။

မေး။ စီမံကိန်းပြီးသွားတဲ့အခါ အိန္ဒိယနိုင်ငံနဲ့ ရခိုင်ပြည်နယ်ကြား ဘယ်ကုန်စည်တွေက အဓိက သွင်းကုန်၊ ပို့ကုန်တွေ ဖြစ်လာဖို့ ရည်မှန်းထားပါသလဲ။

ဖြေ။ တကယ်လို့ ဆိပ်ကမ်းကြီး ပြီးဆုံးခဲ့ပြီဆိုရင် စစ်တွေမှာ ပထမဦးဆုံး ဆိပ်ကမ်းကြီးတစ်ခုကို ပိုင်ဆိုင်ထားပါပြီ။ အဲဒီအခါ ကျရင် ရခိုင်ပြည်နယ်ဘက်က ကုန်သည်တွေအနေနဲ့ ထုတ်ကုန်တွေ များများထုတ်ပို့ဖို့ လိုပါတော့တယ်။ ဒီဆိပ်ကမ်းဟာ တကယ်ကို အရေးပါတဲ့ ဆိပ်ကမ်းကြီးဖြစ်လာမှာပါ။ ကျနော်တို့ နိုင်ငံရဲ့ အဓိက ထုတ်ကုန်ဖြစ်တဲ့ ပဲအမျိုးမျိုးကိုလည်း ဒီဘက်ကပဲ တင်သွားတော့မှာပါ၊ တစ်ဘက်မှာ ကျွန်တော် ထင်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဆိုရင်လည်း ရေလုပ်ငန်းကို အဓိက ဦးစားပေးပြီး လုပ်ကိုင်နေကြတာပါပဲ။ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေနဲ့ ရေလုပ်ငန်းတွေမှာ ဈေးကွက်တစ်ခု ဖန်တီးပြီး အိန္ဒိယဘက်ကိုလည်း တင်ပို့လို့ရပါတယ်။ ကျနော်တို့ လုပ်လို့ရတာတွေ အများကြီးရှိပါသေးတယ်။ ဒါကြောင့် ဒီဘက်က ကုန်သည်လုပ်ငန်းရှင်တွေကလည်း အရမ်းကို အရေးကြီးလာပါတယ်၊ ကုန်ပစ္စည်းကောင်းတွေ အများကြီး ထုတ်လုပ်နိုင်တယ်ဆိုရင် ကျနော်တို့ဘက်ကိုလည်း အများကြီး တင်သွင်းလို့ရပါတယ်။ ခြုံပြီးတော့ ပြောရမယ်ဆိုရင် လုပ်ငန်းရှင်တွေအပေါ်မှာ အများကြီး မူတည်သွားပါပြီ။ ကျနော်တို့ အများကြီး ကြိုးစားကြရမှာပါ။ တခြားနိုင်ငံတွေကိုလည်း တင်သွင်းလို့ ရနိုင်ပါတယ်။ နောက်တစ်ခုပြောချင်တာက ကားလမ်းတွေသာ ပြီးစီးသွားမယ် ဆိုရင်လည်း ကျနော်တို့ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရနိုင်ပါတယ်။ အထူးသဖြင့် ကားလမ်း တစ်လျှောက် လူတွေက ဆိုင်တွေဖွင့်လို့လည်း ရပါတယ်။ ဒါ့အပြင် စီးပွားရေးအရ လက်လမ်းမမီတဲ့ ရွာတွေမှာလည်း ပညာရေး၊ ကျန်းမာရေး စတာတွေပါ ကောင်းလာမှာ ဖြစ်ပါတယ်။

မေး။ ဒီစီမံကိန်းနဲ့အတူ အိန္ဒိယနဲ့ ရခိုင်ပြည်နယ် ဆက်သွယ်မယ့် အဝေးပြေးလမ်းမရှိလာမယ့်လို့ သိရပါတယ်။ ဆိုတော့ အိန္ဒိယနိုင်ငံကို ရခိုင်ပြည်နယ်ဘက်က ကုန်စည်ပို့ဆောင်ရေးသက်သက်အတွက် မဟုတ်ဘဲ ခရီးသည်တွေ တိုက်ရိုက်သွားနိုင်ဖို့ကရော ဘယ်လိုအစီအစဉ်များ ရှိလာနိုင်ပါမလဲ။

ဖြေ။ ရခိုင်ပြည်နယ်မှာတော့ လောလောဆယ်မှာ ဗီဇာအတွက် ရုံးတော့ဖွင့်လှစ်မယ့် အစီစဉ် မရှိသေးပါဘူး။ကျွန်တော်တို့မှာ စစ်တွေမှာ ကောင်စစ်ဝန် ရုံးတော့ ရှိပါတယ်၊ ကျွန်တော်တို့ လုပ်ငန်း စီမံကိန်းတွေ ပြီးဆုံးတဲ့အခါ အိန္ဒိယကို သွားဖို့အတွက် ကောင်စစ်ဝန်ရုံးကပဲ တာဝန်ယူသွားပြီးတော့ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်းပဲ အိန္ဒိယကို ရန်ကုန်ဘက်က သွားမယ်ဆိုရင်တော့ ကျနော်တို့ ရန်ကုန်ကနေပြီး လုပ်ပေးပါတယ်၊ အဲဒီလိုပဲ မန္တလေးက သွားမယ်ဆိုရင်လည်း မန္တလေးက လုပ်ပေးပါတယ်။ ဒါပေမယ့် အနာဂါတ်မှာတော့ ရခိုင်ပြည်နယ်ကနေ အိန္ဒိယကို သွားမယ့် ခရီးသည်တွေအတွက် စစ်တွေမြို့နယ်မှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံး ကနေ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အခုလက်ရှိ အချိန်မှာတော့ ဒါကို မလုပ်ပေးသေးပါဘူး။

မေး။ ဟုတ်ကဲ့ခင်ဗျား။ ဒီစီမံကိန်းက ချင်းပြည်နယ် ပက်လက်ဝဘက်၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အထက်ပိုင်းတို့ရဲ့ မြစ်ကြောင်းတွေပါ ပါနေတော့ အဲဒီဒေသက လူတွေက မြစ်ရေတွေကိုပဲ အဓိကထားပြီး သောက်သုံးကြရတာပါ။ တကယ်လို့ အဲဒီမြစ်ရေတွေဟာ တန်ချိန် ၃၀၀ သင်္ဘောကြီးတွေ ဝင်လာတဲ့အခါ ညစ်ညမ်းပြီး သောက်သုံးရေအဖြစ် အသုံးပြုလို့မရတဲ့ အခြေနေတွေကို မလွဲမသွေ ရင်ဆိုင်ကြရမှာပါ။ သူတို့တွေအတွက် ဘယ်လို အစီအစဉ်များ ရှိထားပါသလဲ။

ဖြေ။ ဒီလို ပြည်သူတွေရဲ့ အခြေနေတွေကို သိခွင့်ရလို့လည်း ကျေးဇူးတင်ပါတယ်။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ကျနော်တို့ ဘာမှ မသိရသေးပါဘူး၊ တကယ်လို့သာ တင်ပြလာတယ်ဆိုရင် ကျနော်တို့ ကောင်းဆုံး စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ ဒေသခံတွေနဲ့ပဲ ကျနော်တို့ အကောင်းဆုံး ညိနိုင်းသွားမှာပါ၊ ကျနော်တို့ အခုသင်္ဘောကြီးတွေ အဲဒီဘက်မှာ သွားလာတဲ့ အခါကျရင်လည်း သဘာပါတ်ဝန်းကျင်ကို ထိခိုက်မှုမရှိအောင် သွားလာမှာပါ၊ တကယ်လို့ ရေအခက်ခဲဖြစ်တဲ့ အခြေနေမျိုးတွေ ရှိလာမယ်ဆိုရင်  ကျနော်တို့ ဘားဂျတ်အနေထားအရ စဉ်းစားပေးသွားမှာဖြစ်ပါတယ်။

မေး။ စီမံကိန်းကာလအတွင်းမှာ လယ်မြေသိမ်းဆည်းခံခဲ့ရမှုတွေ၊ အဓမ္မလုပ်အားပေးစေခိုင်းမှုတွေ၊ လူ့အခွင့်ရေး ချိုးဖောက်ခံခဲ့ရမှုတွေ ရှိခဲ့တယ်လို့ ကုလားတန်လှုပ်ရှားမှုအဖွဲ့ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။ အစိုးရသစ်လက်ထက်မှာ ဒီကိစ္စတွေကြောင့် တစ်ခုခု ပြောင်းလဲလာနိုင်တယ်လို့ ယူဆပါသလား ခင်ဗျား။

ဖြေ။ လယ်သိမ်းမြေသိမ်းဆည်းခံရတဲ့ ကိစ္စတွေကျတော့ ကျနော်တို့ အိန္ဒိယနိုင်ငံနဲ့ မပါတ်သက်ပါဘူး၊ ဒါက မြန်မာအစိုးရနဲ့ပဲ သက်ဆိုင်တဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်၊ ကျနော်တို့ အနေနဲ့ အစိုးရအသစ်အပေါ် ယုံကြည်မှု အပြည့်အဝရှိပါတယ်။ မြန်မာပြည်သူတွေနဲ့ အိန္ဒိယပြည်သူတွေရဲ့ ဘဝတွေ တိုးတက်အောင်လုပ်ဆောင်သွားမယ် အစီစဉ်တွေရှိပါသေးတယ်။ ဒီအစိုးရအပေါ် ယုံကြည်ပါတယ်။

မေး။ ဟုတ်ကဲ့ သံအမတ်ကြီးခင်ဗျား ကျေးဇူးတင်ပါတယ်။

ဖြေ။ ဟုတ်ကဲ့ပါ။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top