ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က မြေပုံမြို့နယ်တွင် စတင်ဖွဲ့စည်းခဲ့သော ရခိုင်တောင်သူလယ်သမား အစည်းရုံးသည် စက်တင်ဘာလ သုံးရက်နေ့တွင် ကမ်းထောင့်ကြီးမြို့နယ်တွင် ထပ်မံဖွဲ့စည်းလိုက်ကြောင်း သိရသည်။
တောင်သူလယ်သမား အစည်းရုံးသည် မြေပုံမြို့နယ်အတွင်းရှိ ညောင်နန်၊ သရက်တောင်၊ ကျေးရွာအုပ်စုများမှာပါ ဖွဲ့စည်းပြီး ဖြစ်ပြီး ယခုရက်ပိုင်းအတွင်းမှာပင် ကြာအင်းတောင်အုပ်စုတွင်လည်း ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အစည်းရုံးဖြစ် မြောက်ရေး ကော်မတီ ဦးထွန်းတင်က RIA သို့ ဆက်သွယ်ပြောကြားသည်။
“ မြေပုံမြို့နယ်ပြီးရင် အမ်းမြို့နယ်၊ မင်းပြားမြို့နယ် တို့မှာပါ ရခိုင်တောင်သူလယ်သမား အစည်းရုံးကို ထူထောင်သွားမှာပါ။ အသင်းရဲ့ ရည်ရွယ်ချက်တော့ လယ်သမားတွေရဲ့ရပိုင်ခွင့်ကို ပိုပြီး ဖော်ဆောင်နိုင်အောင်လို့ပါ ရခိုင်ပြည်မှာ ရှိတဲ့ လယ်သမားတွေ အလုံးစုံ ပါဝင်နိုင်အောင် လုပ်ဆောင်သွားမှာပါ “ ဟု ဆိုသည်။
တောင်သူလယ်သမား အစည်းရုံးသည် မည့်သည့်ပါတီ၊ အစိုးရအဖွဲ့စည်း၏ လက်အောက်ခံမဟုတ်ဘဲ ရခိုင်ပြည်နယ် တွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးနည်းပညာပိုင်း၊ လယ်ယာ အထောက်ကူပြုသင်တန်းများကိုလည်း မြို့နယ်အလိုက် နားလည် လွယ်ကူသင်ပြနိုင်အောင် စီစဉ်နေပြီး ပူးပေါင်းလိုသည့် အဖွဲ့စည်းများကလည်း ပါဝင်နိုင်သည်ဟု ၎င်းက ထပ်ဆိုသည်။
ရခိုင်တောင်သူလယ်သမားအစည်းရုံးသည် ပြည်နယ်အတိုင်းတာဖြင့်ဖွဲ့စည်းသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အသင်းဝင် အင်အားအဖြစ် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူပေါင်း တစ်ထောင်ကျော်ရှိနေပြီး မကြာမည်ကာလအတွင်းမှ သက်ဆိုင်ရာထံ သို့ အသင်းဖွဲ့စည်းခြင်းဆိုင်ရာ အချက်အလက်များကို လျှောက်ထားမည်ဖြစ်ပြီး သမ္မတကြီးထံသို့လည်း ရခိုင်ပြည်နယ်၏ တောင်သူလယ်သမား အခွင့်ရေးများကိုလည်း တောင်းခံသွားမည်ဖြစ်သည်ဟု ဦးထွန်းတင်၏ ပြောဆိုချက်များအရ သိရသည်။

0 comments:
Post a Comment