Monday, August 1, 2016

အရေးပေါ်စီမံမှု အက်ဥပဒေကို ရုတ်သိမ်းမည့် ဥပဒေကြမ်း တင်သွင်း

RiA ၊ သြဂုတ် ၁ ရက်

နေပြည်တော်။ အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းမည့် ဥပဒေကြမ်းကို ယနေ့ သြဂုတ် ၁ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ ဒုတိယ ပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ တင်သွင်းခဲ့သည်။

အရေးပေါ်စီမံမှု အက်ဥပဒေကို ၁၉၅၀ ခုနှစ်တွင် ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး နိုင်ငံသားများ၏ ဘ၀လုံခြုံမှုထက် အုပ်ချူပ်သူများ၏ လုပ်ပိုင်ခွင့်ကို အလေးထား ပြဌာန်းထားခြင်း ဖြစ်သောကြောင့် ယခု ပြောင်းလဲလာသည့် ခေတ်ကာလနှင့် မသင့်လျော်တော့သဖြင့် ရုပ်သိမ်းနိုင်ရန် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်  ဦးဘရှိန်က ပြောသည်။

“အခုလို ပြောင်းလဲလာတဲ့ ခေတ်ကာလနဲ့ မညီတော့တာတပိုင်း၊ နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို အလေးထား စောင့်ရှောက်ပေးဖို့က ပိုပြီး အရေးပါလာတာကြောင့် ဒီဥပဒေကြမ်းကို လွှတ်တော်က လက်ခံဆောင်ရွက်ပေးဖို့ တင်သွင်းခဲ့ပါတယ်။"

ဦးဘရှိန်၏ အဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီမှ ဖျက်သိမ်းရန် သင့်လျော်သည့် ဥပဒေတစ်ခုဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

“ အဲဒီအချိန်က နိုင်ငံရေးအခြေနေတွေကြောင့် ဒီဥပဒေကို ပြဌာန်းခဲ့ကြရတယ်။ ဒီနေ့မှာတော့ ခေတ်နဲ့လည်း လိုက်လျောညီထွေမှု မရှိတော့သလို၊ နိုင်ငံရေးဆောင်ရွက်နေသူတွေကို အချိန်မရွေး ဖမ်းဆီးထောင်ချနိုင်တဲ့ မတရားပြုကျင့်မှုတွေကို ကာကွယ်ဖို့ ယခု ဥပဒေကြမ်းကို ရေးဆွဲတင်ပြခဲ့တာပါ" ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ယနေ့ လွှတ်တော်အတွင်း ပြောကြားခဲ့သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top